ဥရောပဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFA ကတော့ သူတို့ရဲ့လက်အောက်က​ ပြိုင်ပွဲနှစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြီးဆုံးအောင် ကျင်းပသွားမှာ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ လက်ရှိအချိန် ဥရောပမှာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ကူးစက်မှု ဖြစ်နေတာကြောင့် UEFAဟာ သူတို့ရဲ့ ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၊ ယူရိုပါလိဂ်ပြိုင်ပွဲ ၊ Euro 2020 စတဲ့ ပြိုင်ပွဲတွေ အားလုံးကို ခေတ္တရပ်ဆိုင်းထားခဲ့တာ ဖြစ်ပေမယ့် ရုပ်သံလွှင့်ခတွေ ၊ ကြော်ငြာကုမ္ပဏီတွေနဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်တွေကြောင့် လက်ရှိ ဘောလုံးရာသီကို ဖျက်သိမ်းလို့မရပဲ မပြီးပြီးအောင် ယှဉ်ပြိုင်ကစားရမယ့် အခြေအနေမှာ ရှိလို့နေပါတယ်။

Photo Credit: Express.com

UEFAကတော့ သူတို့အနေနဲ့ ယခုနှစ်ရာသီကို ဖျက်သိမ်းဖို့ မစဉ်းစားထားသလို သူတို့ရဲ့ လက်အောက်မှာ ရှိနေတဲ့ ပြည်တွင်းလိဂ်တွေကိုလဲ ယခုနှစ်ရာသီကို မဖျက်သိမ်းကြဖို့ ပြောဆိုထားပါသေးတယ်။ UEFAက ယခုနှစ်ဘောလုံး ရာသီကို ဖျက်သိမ်းခဲ့တဲ့ နိုင်ငံတွေရဲ့ ကလပ် အသင်းတွေကို လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ်အစရှိတဲ့ ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာ ထားခဲ့တာပါ။ လက်ရှိ ဥရောပမှာတော့ ဘယ်လ်ဂျီယံလိဂ်ဟာ ယခုနှစ်ဘောလုံးရာသီကို ဖျက်သိမ်းခဲ့တဲ့ တစ်ခုတည်းသော လိဂ်ပြိုင်ပွဲဖြစ်ပြီး UEFA အနေနဲ့ ဘယ်လ်ဂျီယံလိဂ်ကိစ္စကို ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းလို့ နေပါတယ်။

Photo Credit: Express.com

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ကျိန်းသေပေါက် ပြီးဆုံးအောင် လုပ်ဆောင်သွားမယ့်အကြောင်းကို UEFA ဥက္ကဌ စီဖရင်က ” ချန်ပီယံလိဂ်ပြိုင်ပွဲကိုရော ယူရိုပါလိဂ်ပြိုင်ပွဲကိုပါ ဩဂုတ်လ ၃ရက်နေ့အမီ ပြီးဆုံးသွားအောင် လုပ်ရမှာပါ။ ကျွန်တော်တို့ဟာ လက်ရှိစနစ် အတိုင်းပဲ ပြီးဆုံးအောင်လုပ်လို့ရပါတယ်။ ( အိမ်ကွင်း ၊ အဝေးကွင်းစနစ်) ဒါမှမဟုတ်လဲ တစ်ပွဲကို လျှော့လိုက်ပြီး ကြားကွင်းမှာ တစ်ပွဲထဲ ကန်ခိုင်းပြီး ဆုံးဖြတ်လိုက်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ အခုချိန်မှာတော့ ကျွန်တော်တို့ဟာ ရှစ်သင်းနဲ့ ပြိုင်ပွဲကို အဆုံးသတ်မလား ၊ ပြိုင်ပွဲအတွက် နောက်ဆုံးအသင်းလေးသင်းကို ရွေးပြီး ကျင်းပမလားဆိုတာ ဆုံးဖြတ်ရမယ့် အချိန် ပါပဲ ” လို့ ပြောကြားသွားခဲ့တာပါ။