ဥရောပ ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFA ဟာ သူတို့အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို လာမယ့် ဩဂုတ်လအတွင်းမှာ ကျင်းပဖို့ စီစဉ် ထားပြီးပြီလို့ ဥရောပ သတင်းမီဒီယာတေ​ွက ဖော်ပြသွားခဲ့ကြပါတယ်။ တရုတ်နိုင်ငံကနေ ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်ဂယက် ကြောင့် ခေတ္တခဏ ရပ်နားထားခဲ့ရတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ပြန်လည် ကျင်းပဖို့ အတွက် UEFA ဟာ အစီအစဉ် ရေးဆွဲထားပြီးပြီ ဖြစ်ကြောင်းနဲ့ UEFA ဟာ လက်ကျန် ကွာတား ဖိုင်နယ်အဆင့် ၊ ဆီမီးဖိုင်နယ်အဆင့်နဲ့ ဗိုလ်လုပွဲ အဆင့်တို့အတွက် ပွဲစဉ်တစ်ပွဲတည်းသာ ကစားပြီး ဆုံးဖြတ်ကြဖို့ကို စီစဉ်ထားတယ်လို့ Mirror သတင်းဌာနက ထုတ်ဖော် ရေးသားခဲ့ပါတယ်။

Photo Credit: Sky Sports

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေဟာ ဗိုလ်လုပွဲကလွဲရင် ကျန်တဲ့အဆင့်တွေမှာ အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ရတာ ဖြစ်ပြီး UEFA ကတော့ လက်ရှိမှာ သူတို့ရဲ့ ပွဲစဉ်ကို ချုံ့ပစ်ဖို့ စီစဉ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ UEFAရဲ့ စီစဉ်ထားမှု အရ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို နိုင်ငံတစ်နိုင်ငံစီမှာပဲ ကျင်းပသွားမယ်လို့ သိထားရကာ ဩဂုတ်လ ၁၂ရက်နေ့ ကနေ ၂၃ရက်နေ့အထိ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ UEFA ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပေါ်တူဂီနိုင်ငံ ရဲ့ စပို့တင်းမြို့မှာ ရှိတဲ့ Estadio da Luz နဲ့ Estadio Jose Alvalade ဆိုတဲ့ ကွင်းနှစ်ကွင်း မှာ ကျင်းပသွားမှာပါ။

Photo Credit: Sky Sports

ယူရိုပါလိဂ်ပြိုင်ပွဲကိုတော့ ဂျာမဏီနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ နည်းတူ ဩဂုတ်လ ၁၂ရက်နေ့ကနေ ၂၃ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ကာ ဖရန့်ဖတ်အသင်းရဲ့ အိမ်ကွင်းနဲ့ ဒက်ဆယ်ဒေါ့အသင်းရဲ့ အိမ်ကွင်းတို့ကို အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရှိထားရပါတယ်။ UEFA ဟာ ပွဲစဉ်တွေ အားလုံးကို တစ်ပွဲစီသာ ကစားတော့ဖို့ စီစဉ်ထားပေမယ့် လက်ကျန်ပွဲစဉ်တွေ ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် ပွဲစဉ် ၊ ဘိုင်ယန်မြူးနစ်အသင်း နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ် တွေကို တော့ ပုံမှန်စီစဉ်ထားတဲ့ အတိုင်းပဲ ကစားခိုင်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ကဲ ပရိသတ်ကြီးရော ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို အားပေးဖို့ အသင့်ဖြစ်နေပြီလားဗျ….။