ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA – ယူအီအက်ဖ်အေ) ဥက္ကဌ ဆီဖရင်ကတော့ တကယ်လိုများ လက်ရှိရာသီကို ဇွန်လအကုန်မှာ ပြန်မစနိုင်ဘူး ဆိုရင် လက်ရှိရာသီကို ဖျက်သိမ်းရမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အရေးကြီးဆုံး အရာက လူထုရဲ့ ကျန်းမာရေး ဖြစ်တယ်လို့ ပြောသွားပါတယ်။ စပိန်နိုင်ငံက လာလီဂါ ပြိုင်ပွဲ၊ ပြင်သစ်နိုင်ငံက လီးဂူးဝမ်း ပြိုင်ပွဲ၊ အီတလီနိုင်ငံက စီးရီးအေ ပြိုင်ပွဲ၊ ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါပြိုင်ပွဲ နဲ့ အင်္ဂလန်နိုင်ငံက ပရီးမီးယားလိဂ် ပြိုင်ပွဲတို့ဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားထားပြီး ဘယ်ချိန် ပြန်စမလဲ မသိနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ လက်ရှိအချိန်မှာ အမေရိကန် နိုင်ငံ နဲ့ ဥရောပ နိုင်ငံတွေကို အဓိက ကူးစက်နေလျက် ရှိတာကြောင့် အခြား ပွဲလမ်းသဘင်တွေ အပြင် ဘောလုံး ပြိုင်ပွဲတွေကိုလည်း ရပ်နားထားရပြီး နိုင်ငံတိုင်းက ကိုရိုနာ ရောဂါကို တိုက်ဖျက်ဖို့ ကြိုးစားနေကြလျက် ဖြစ်ပါတယ်။ UEFA ဥက္ကဌ ဆီဖရင်ကတော့ လက်ရှိအချိန်မှာ လူထုရဲ့ ကျန်းမာရေး နဲ့ ဒီလို အခက်အခဲကနေ ရုန်းထွက်ဖို့က အရေးကြီးဆုံး ဖြစ်ပြီး ဘောလုံး ပြန်ကစားဖို့ အစီအစဉ် (အေ)၊ (ဘီ)၊ (စီ) ရှိပေမဲ့ ဇွန်လ အကုန်မှာ ပြန်မစနိုင်ဘူးဆိုရင် ရာသီကို ဖျက်သိမ်းနိုင်ချေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Gettyimage

La Repubblica မှာ UEFA ဥက္ကဌ ဆီဖရင်က “အခုလိုမျိုးအချိန်မှာ အရေးကြီးဆုံး အရာကတော့ လူထုရဲ့ ကျန်းမာရေး နဲ့ ဒီလို အခက်အခဲကနေ ရုန်းထွက်နိုင်ဖို့ပါပဲ။ ဘောလုံးကို ထိခိုက်တာက ဥရောပ ပြိုင်ပွဲ နဲ့ ကမ္ဘာကြီးက ရပ်တန့်သွားပါပြီ။ ဒီကမ္ဘာ့ကပ်ရောဂါက ဘယ်အချိန်မှာ ရပ်တန့် သွားမလဲ ဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အစီအစဉ် (အေ)၊ (ဘီ) နဲ့ (စီ) တောင်ရှိပါတယ်။ ကျွန်တော်တို့ လိဂ်တွေ၊ အသင်းတွေနဲ့ ဆက်သွယ်နေပါတယ်။ ဒါက အဖွဲ့အစည်း လုပ်ငန်းပါပဲ။ ကျွန်တော်တို့ အခြား အခန်းကဏ္ဍန်းလိုပဲ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ မေလ အလယ်၊ ဇွန်လအလယ် ဒါမှမဟုတ် ဇွန်လအကုန်မှာ ပြန်စတင်နိုင်မှာပါ။ တကယ်လို့များ ဇွန်လအကုန်မှာ ပြန်စနိုင်ဘူး ဆိုရင် ရာသီကို ဖျက်သိမ်းရနိုင်ချေ ရှိပါတယ်”လို့ ပြောသွားခဲ့ပါတယ်။