ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီအက်ဖ်အေ) ဥက္ကဌ ဆီဖရင်ကတော့ လက်ရှိရာသီ ပြိုင်ပွဲကို ဖျက်သိမ်းသွားမယ် ဆိုရင်တောင် နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို တစ်နည်း မဟုတ် တစ်နည်း ရရှိသွားမှာ ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားခင် ပရီးမီယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အခါမှာ အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရမှတ် (၂၅) မှတ်ဖြတ်ပြီး ဦးဆောင်နေတာကြောင့် နောက်ထပ် ရမှတ် (၆) မှတ်သာ ရရှိမယ်ဆိုရင် နှစ် (၃၀) ကြာအတွင်း တစ်ကြိမ်မှ မရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံးအကြိမ် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိမှာ ဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကိုသာ ဖျက်သိမ်းသွားမယ် ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ လိဂ်ဖလားကို မရနိုင်ဘူးလို့ သတင်းတွေ ထွက်လာပေမဲ့ ယူအီအက်ဖ်အေ ဥက္ကဌ ဆီဖရင်ကတော့ ရနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

Ekipa သတင်းမှာ ယူအီအက်ဖ်အေ ဥက္ကဌ ဆီဖရင်က “လီဗာပူးလ်အသင်း လိဂ်ဖလား ရရှိနိုင်တဲ့ နည်းလမ်း ရှိပါတယ်။ တကယ်လို့ ပြိုင်ပွဲကို ပြန်စမယ် ဆိုရင် သူတို့ လိဂ်ဖလားကို လုံးဝ ရမှာပါ။ အာမခံချက်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ အတော် နီးစပ်နေပါပြီ။ တကယ်လို့ လက်ရှိရာသီကို ဆက်မကစားနိုင်ဘူး ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ရလဒ်ကို ကြေညာမှ ရမှာပါ။ ချန်ပီယံအသင်းကို ဘယ်လိုဖြစ်ဖြစ် ဆုံးဖြတ်ရမှာပါ။ လီဗာပူးလ်အသင်း မဖြစ်နိုင်စရာ အကြောင်းရင်းကို မရှိပါဘူး။ တကယ်လို့ လက်ရှိရာသီကို ဖျက်သိမ်းလို့ ပရိသတ်မပါတဲ့ ကွင်းမှာ ဆုဖလား ပေးရမယ် ဆိုရင် ပရိသတ်တွေ စိတ်ပျက်ကြမှာပါ။ ဒါပေမဲ့ လီဗာပူးလ်အသင်းက တစ်နည်း ဒါမှမဟုတ်ရင်လည်း အခြား တစ်နည်းနဲ့ လိဂ် ဖလား ရရှိနိုင်ပါတယ်”လို့ အခိုင်အမာ ပြောသွားလိုက်တာ ဖြစ်ပါတယ်။