လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဂယက်က ဘောလုံးလောကအတွင်းကိုပါ မွှေနှောက်လျက်ရှိနေပြီး ဘောလုံးသမားတချို့ နည်းပြတချို့တွေဆီမှာတောင် ကူးစက်လျက်ရှိနေသလို ဘောလုံးပွဲတွေကိုလည်း ဧပြီလအထိကို ရပ်ဆိုင်းထားလိုက်ရပါတယ်။ ဆိုတော့ကာ ဒီနေ့ Super Sunday လို နေ့ရက်မျိုးကြီးမှာ ဘာဘောလုံးပွဲမရှိပဲ ဖြတ်သန်းနေရတာကာ ကျွန်တော်တို့လို ဘောလုံးဝါသနာအိုးတွေအတွက် တကယ့်ကို ပြသာဒါးပါပဲ။ ကဲ…ဒီနေ့တော့ ကျွန်တော်တို့ ဥရောပဘောလုံးပြိုင်ပွဲကြီးတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ ဒီပုံစံနဲ့ ဘယ်လိုကျင်းပကြမလဲဆိုတာကို ဆွေးနွေးသွားချင်ပါတယ်။

လတ်တလောမှာတော့ ဥရောပဘောလုံးအဖွဲ့ဝင်တွေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ဆက်လက်ပြီး ဘယ်လိုပုံစံနဲ့ ကျင်းပသင့်သလဲဆိုတာကို စဉ်းစားလျက်ရှိနေပြီး ဆီမီးဖိုင်နယ်ကနေစတင်ကာ အသင်း၄သင်းကို အိမ်ကွင်းအဝေးကွင်း မခွဲခြားတော့ပဲ ဖိုင်နယ်ကျင်းပဖို့ ရွေးချယ်ထားခဲ့တဲ့ မြို့ကြီးအတွင်းမှာပဲ ဆီမီးဖိုင်နယ်(၂)ပွဲနဲ့ ဖိုင်နယ်(၁)ပွဲကို ဆက်တိုက်ကျင်းပမယ့်ပုံစံနဲ့ ပြောင်းလဲကျင်းပဖို့ လာမယ့်အင်္ဂါနေ့မှာ တရားဝင်ထုတ်ပြန်ကြေညာဖွယ်ရှိပါတယ်။ ဒီရာသီရဲ့ချန်ပီယံလိဂ်ဖိုင်နယ်ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကိုတော့ ပိုလန်နိုင်ငံ ဂဒန်စ်မြို့တွေမှာ ကျင်းပကြမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အနေအထားတွေကြောင့် ဒီပြိုင်ပွဲကြီး(၂)ခုလုံးဟာ လာမယ့်ဧပြီလလောက်မှ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်တွေကို အဆုံးသတ်နိုင်ဖွယ်ရှိနေကာ ဒီလိုမှမဟုတ်ပဲ ဗိုင်းရပ်စ်အခြေအနေပိုဆိုးလာမယ်ဆိုရင် မေလလောက်မှ ပြန်စနိုင်မှဖြစ်ပြီး ဒီထက်ဆိုးမယ်ဆိုရင် တစ်ရာသီလုံးတောင် ရပ်ဆိုင်းရနိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ ၂၀၂၀ ယူရိုဖလားပြိုင်ပွဲနဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေကို ကျင်းပဖို့ရှိနေတဲ့အတွက်ကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို သတ်မှတ်ထားတဲ့ရက်အတိုင်း မကျင်းပနိုင်ခဲ့ဘူးဆိုရင် အဆင်ပြေအောင် စီစဉ်ရဖွယ်ရှိနေပြီး ပြိုင်ပွဲဲတွေကို အချိန်မှီပြီးမြောက်စေနိုင်ဖို့အတွက် အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ခွဲကစားတာကို မပြုလုပ်တော့ပဲ တစ်ကျော့တည်းသာ ကစားစေမှာဖြစ်ပြီး ရက်တိုလေးအတွင်းမှာ ပြိုင်ပွဲကို အမြန်အပြီးသတ်နိုင်အောင် လုပ်ဆောင်ဖွယ်ရှိနေပါတယ်။