မနေ့ညက ပီအက်စ်ဂျီ အသင်း နဲ့ အစ္စတန်ဘူးလ် အသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ပီအက်စ်ဂျီ အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးဆုံးသည်အထိ မကစားခဲ့ရပဲနဲ့ လူမျိုးရေးခွဲခြားတဲ့ ပြဿနာလေးတွေ ဖြစ်ပေါ်လာတာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ကွင်းဘေးမှာ ရှိကြတဲ့ အစ္စတန်ဘူးလ် ကစားသမားတွေနဲ့ စတုတ္ထ‌မြောက် ဒိုင်လူကြီး အကြားမှာ လူမျိုးရေး ခွဲခြားမှုလေးတွေ ရှိခဲ့တယ်ဆိုပြီး စကားများခဲ့တာကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်လောက်မှာ အဆိုပါ ပြဿနာ စဖြစ်ခဲ့တာ ဖြစ်ပြီးတော့ နှစ်ဖက်အသင်း ကစားသမားတွေ အနေနဲ့ ကွင်းဘေးဘက်ခြမ်းမှာ ၁၀ မိနစ်လောက်ကြာ အောင် စုဝေးနေခဲ့ကြပါတယ်။

Photo Credit: Mirror

ပြဿနာက ပြေလည်သွားခဲ့ခြင်း မရှိပဲ လူမျိုးရေးခွဲခြားတဲ့ ပြဿနာ ဟာ ထိလွယ်ရှလွယ် ကိစ္စဖြစ်တာကြောင့် ပွဲစဉ်ကို ဖျက်သိမ်းပစ်ခဲ့ရပါတယ်။ ပြဿနာ ရဲ့ အရင်းအမြစ်ကတော့ စတုတ္ထဒိုင်ဟာ အစ္စတန်ဘူးလ် အသင်းရဲ့ လက်ထောက် နည်းပြဖြစ်သူ ဝီဘိုကို အမဲကောင်လို့ ခေါ်ရာကနေ စတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့ အစ္စတန်ဘူးလ် ကစားသမား ဒမ်ဘာဘာ ဟာ စတုတ္ထဒိုင်လူကြီး စီဘက်စတိန် ကိုးတက်စကူး ကို “ ခင်ဗျား အနေနဲ့ ‘ ဒီအဖြူကောင် ’ လို့ ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး။ ဒါဆို ခင်ဗျား အနေနဲ့ ‘ ဒီ အမည်းကောင် ’ ဆိုပြီး ပြောစရာ လိုလို့လား ? ” ဆိုကာ စောဒက တက်ခဲ့တာ ဖြစ်ပါတယ်။ အစ္စတန်ဘူးလ် အသင်းရဲ့ တွစ်တာ အကောင့်မှာတော့ သူတို့ရဲ့ လက်ထောက်နည်းပြ ဖြစ်သူ ပီရဲးလ် ဝီဘို ကို စတုတ္ထမြောက်ဒိုင်ဖြစ်သူ ကိုးတက်စကူး က လူမျိုးရေး ခွဲခြား တဲ့ စကားနဲ့ ပြောခဲ့တယ် ဆိုပြီး ရေးသား ဖော်ပြထားပါတယ်။

Photo Credit: Mirror

အစ္စတန်ဘူးလ် အသင်းအနေနဲ့ အဆိုပါ ကိစ္စဖြစ်ပြီး မကြာခင်မှာပဲ သူတို့ အသင်းရဲ့ တရားဝင် တွစ်တာ အကောင့်မှာ “ လူမျိုးရေးခွဲခြားဖို့ မလိုအပ်ပါဘူး ” ဆိုပြီး ဓာတ်ပုံတစ်ပုံလည်း တင်ခဲ့ပါသေးတယ်။ အစ္စတန်ဘူးလ် ရဲ့ လက်အောက်ခံ အသင်းတစ်သင်းဖြစ်တဲ့ ဂလာတာဆာရီ အသင်းကလည်း စည်းလုံးကြောင်းကို ပြသဟန်တူတဲ့ အနေနဲ့ အဆိုပါ ဓာတ်ပုံ ကို ပဲ တင်ခဲ့ပါတယ်။ UEFA ဘက်ကနေပြီးတော့ အဆိုပါ ဖြစ်ရပ်အတွက် အခုလိုပဲ ထုတ်ပြန်ကြေညာထားပါတယ်။ “ စတုတ္ထဒိုင်လူကြီး ပါဝင်တဲ့ ကိစ္စတစ်ခု ဖြစ်ပြီးတဲ့ နောက်မှာတော့ ကစားပွဲကို ခေတ္တခဏ ရပ်နားခဲ့ရပါတယ်။ နှစ်သင်းစလုံး နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာတော့ ပြိုင်ပွဲကို အခြား စတုတ္ထဒိုင်တစ်ဦး နဲ့ ပြန်စတင်ဖို့ သဘောတူညီ ပြီးပါပြီ။ UEFA အနေနဲ့ အဆိုပါ ကိစ္စကို စုံစမ်း‌စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး အချိန်တို အတွင်းမှာ ပြန်လည် ထုတ်ပြန်ပါမယ် ” ဆိုပြီး ဖော်ပြထားပါတယ်။