ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းလောက်မှာပဲ (၂၃)ကြိမ်မြောက်အဖြစ် ကျင်းပစေခဲ့တဲ့ ၂၀၂၁ခုနှစ် ယူရို-၂၁ပြိုင်ပွဲဟာ အချိန်တိုလေးအတွင်းမှာပဲ အုပ်စုပွဲစဉ်တွေအားလုံးကို ယှဉ်ပြိုင်စေခဲ့ပြီးနောက်မှာ ပြိုင်ပွဲကို ခဏတာရပ်နားခဲ့ပြီး ကျန်ရှိနေသေးတဲ့ ရှုံးထွက်အဆင့်တွေကို ဒီရက်အတွင်းမှာပဲ ပြန်လည်ကျင်းပစေတော့မှာဖြစ်ပါတယ်။ ဥရောပရဲ့ အလင်းလက်ဆုံးသော ငွေကြယ်ပွင့်လေးတွေရဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့ ဘောလုံးရာသီကြီးတစ်ခု ပြီးဆုံးသွားပေမယ့် ဒီပြိုင်ပွဲကတော့ ဘောလုံးချစ်သူတွေကို ဘောလုံးပွဲတွေနဲ့ အဆက်မပြတ်သွားအောင် စွမ်းဆောင်နိုင်မှာ သေချာနေပါတယ်။

Photo Credit : The Slovenia Time

ဟန်ဂေရီနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေမှာ ပူးတွဲကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံအသင်းပေါင်း (၁၆)နိုင်ငံကို အုပ်စု(၄)စုခွဲပြီး ယှဉ်ပြိုင်စေခဲ့တာဖြစ်ကာ နယ်သာလန် ဂျာမနီ စပိန် အီတလီ ဒိန်းမတ် ပြင်သစ် ပေါ်တူဂီ ခရိုအေးရှားအသင်းတွေက ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ခဲ့ပေမယ့် နာမည်ကြီးအင်္ဂလန်အသင်းကတော့ မထင်ထားလောက်အောင် ရလဒ်ဆိုးခဲ့ပြီး အုပ်စုအောက်ဆုံးနေရာနဲ့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ကွာတားဖိုင်နယ်မှာတော့ နယ်သာလန်နဲ့ပြင်သစ် ဒိန်းမတ်နဲ့ဂျာမနီ စပိန်နဲ့ခရိုအေးရှား ပေါ်တူဂီနဲ့အီတလီတို့ ဆုံတွေ့ကြရမှာဖြစ်ပါတယ်။

Photo Credit : BBC

ဒီကွာတားဖိုင်နယ် ပွဲစဉ်(၄)ပွဲလုံးကို မနက်ဖြန် မေ(၃၁)ရက်နေ့မှာပဲ ကျင်းပစေမှာဖြစ်ပြီး နယ်သာလန်နဲ့ပြင်သစ်တို့ပွဲက အနိုင်ရလာမယ့်အသင်းက ဒိန်းမတ်နဲ့ဂျာမနီနဲ့ပွဲက အနိုင်ရလာမယ့်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမှာဖြစ်ကာ စပိန်နဲ့ခရိုအေးရှားပွဲက အနိုင်ရလာတဲ့အသင်းကတော့ ပေါ်တူဂီနဲ့အီတလီပွဲက အနိုင်ရလာတဲ့အသင်းနဲ့ ဆီမီးမှာ ဆုံရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲတွေကိုတော့ လာမယ့်ဇွန်လ(၃)ရက်နေ့တွေမှာ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ဗိုလ်လုပွဲကြီးကိုတော့ ဇွန်(၆)ရက်နေ့ ဆလိုဗေးနီးယားနိုင်ငံက Ljubljana ကွင်းကြီိးထဲ ကျင်းပစေမှာဖြစ်ပါတယ်။ အုပ်စုတွင်း စွမ်းဆောင်ရည်တွေကို ကြည့်မယ်ဆိုရင်တော့ အုပ်စုဗိုလ်တွေ ဖြစ်ထားခဲ့ကြတဲ့ ဒိန်းမတ်နဲ့ ပေါ်တူဂီအသင်းတွေက စွမ်းဆောင်ရည်အကောင်းဆုံးကို ပြသထားခဲ့ပြီး (၂)သင်းလုံး အုပ်စုတွင်းပွဲအားလုံးကို အနိုင်ရထားခဲ့သလို သွင်းဂိုးလည်း (၆)ဂိုးစီ သွင်းယူထားကာ ပေးဂိုးလုံးဝကို မရှိထားခဲ့ပါဘူး။ ဒါ့အပြင် ဘာစီလိုနာကြယ်ပွင့် ထရင်ကာအို မန်စီးတီးကနေ အန်ဒါလက်ချ်အသင်းဆီ အငှားချထားတဲ့ အန်မက်ခါ ဆဲလ်တစ်တိုက်စစ်မှူးလေး အက်ဒူဟွာတို့ရဲ့ ခြေစွမ်းတွေကိုလည်း ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်သလို ချန်ပီယံတွေဖြစ်ခဲ့ဖူးတဲ့ အီတလီ စပိန် နယ်သာလန် ပြင်သစ်နဲ့ ဂျာမနီတို့ပဲ ဗိုလ်စွဲနိုင်မလား ဒါမှမဟုတ် ပေါ်တူဂီ ဒိန်းမတ်နဲ့ ခရိုအေးရှားတို့ကပဲ ဒီပြိုင်ပွဲရဲ့ ချန်ပီယံသစ်တွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။