UEFA လို့ ခေါ်တဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပလျက်ရှိတဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ကိုရိုနာ ရောဂါကြောင့် ရပ်နားသွားဖွယ် ရှိပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) အနေနဲ့ (၁၆) သင်းအဆင့် ပွဲစဉ်တွေကို ကစားပြီးသွားရင် ချန်ပီယံလိဂ် ပြိုင်ပွဲ နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေကို ရပ်နားဖွယ် ရှိတယ်လို့ ပြောသံ ရှိနေပါတယ်။ သတင်းထောက် မီရ်ကို ကာလမ်မီ (Mirko Calemme) က “Catalunya Ràdio” အစီအစဉ်မှာ UEFA အနေနဲ့ ယူရိုပါလိဂ် နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ရပ်နားနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ ဥရောပ နိုင်ငံတွေကို ရောက်ရှိလာခဲ့တာကြောင့် ဥရောပ နိုင်ငံက ဘောလုံး ပြိုင်ပွဲတွေကို ရွေ့ဆိုင်းနေရပြီး ပွဲစဉ်တွေကို ကွင်းပိတ် ကစားနေရပြီပဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အီတလီနိုင်ငံက ပြည်တွင်းလိဂ် စီးရီးအေ ပြိုင်ပွဲဆိုရင် လာမယ့် ဧပြီလ (၃) ရက်နေ့အထိ ရပ်နားထားပြီး ဖြစ်ပြီး လုံးဝကို မကစားကြတော့တာပဲ ဖြစ်ပါတယ်။ အလားတူ စပိန်နိုင်ငံက ပြည်တွင်းလိဂ် လာလီဂါ ပြိုင်ပွဲ ဆိုရင်လည်း လာမယ့် ရက်သတ္တပတ် (၂) ပတ်ကို ပရိသတ်တွေ မပါဘဲ ကွင်းပိတ် ကစားသွားမှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ဥရောပ နိုင်ငံတွေဟာ အာရှနိုင်ငံတွေလို ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားမှု မြင့်တတ်လာနေပြီး ဥရောပ တစ်ဝှမ်းလုံးမှာ ကိုရိုနာ ရောဂါ ကူးစက်ခံရသူ (၁၀,၀၀၀) ကျော်နေပြီပဲ ဖြစ်ပါတယ်။ အချို့ နိုင်ငံတွေမှာ ဆိုရင် နိုင်ငံ အစိုးရ ကိုယ်တိုင်က လူဦးရေ စည်းကားတဲ့ ပွဲတွေကို ဖျက်ဖို့ သတိပေးခဲ့ပြီး ဘောလုံး လောကကိုလည်း တစ်စပြီး တစ်စ ရိုက်ခိုက်လာလျက် ရှိလာပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ယူရိုပါလိဂ် ပွဲစဉ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေကို အခုအချိန်ထိ ရပ်နားထားတာ မရှိသေးပေမဲ့လည်း အချို့ ပွဲစဉ်တွေကို ကွင်းပိတ် ကစားနေရပြီ ဖြစ်ပါတယ်။ UEFA အနေနဲ့ လက်ရှိမှာ ကစားနေတဲ့ (၁၆) သင်းအဆင့် ပွဲစဉ်တွေ ကစားပြီးရင် ယူရိုပါလိဂ် ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကို ရပ်နားသွားမယ် ဆိုတာကလည်း ဖြစ်နိုင်ချေ များပါတယ်။