၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်မှာ တာဝန်ယူ ဆောင်ရွှက်သွားမယ့် ကွင်းလယ်ဒိုင်ကတော့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကနေ ရွေးချယ်လိုက်ပါပြီ။ ဒီကွင်းလယ်ဒိုင်ကတော့ စပိန်လာလီဂါပြိုင်ပွဲရဲ့ နာမည်အကျော်ကြားဆုံး ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ မာသီအူလာဟော့ဇ်ဖြစ်ပြီး ဗိုလ်လုပွဲကို ဆင်နွဲသွားရမယ့် မန်စီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွာဒီယိုလာနဲ့လည်း အဆင်မပြေမှုလေးတွေ ရှိခဲ့ကြတဲ့ ကွင်းလယ်ဒိုင်တစ်ယောက်လည်း ဖြစ်နေပါတယ်။

Photo Credit : Goal

အသက်(၄၄)နှစ်အရွှယ်ရှိ စပိန်လူမျိုး ကွင်းလယ်ဒိုင် လာဟော့ဇ်ဟာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏ ဆုံတွေ့ထားခဲ့ရသလို လာဟော့ဇ်ရဲ့ ဆုံးဖြတ်ချက်တိုင်းကလည်း ဂွာဒီယိုလာအတွက် စိတ်ကျေနပ်စရာတွေ မဖြစ်လာခဲ့ရတာက ပိုများနေပါတယ်။ ၂၀၁ရခုနှစ်တုန်းက မန်စီးတီးနဲ့ မိုနာကိုအသင်းတို့ ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့စဉ်တုန်းကလည်း လာဟော့ဇ်က ဒီပွဲကို တာဝန်ယူ ကြီးကျပ်ခဲ့ပြီး မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးကို ပင်နယ်တီဧရိယာအတွင်း ဟန်ဆောင်လှဲချတယ်ဆိုကာ အဝါကတ်ပြသခဲ့ပါသေးတယ်။

Photo Credit : FourFourTwo

တကယ်တော့ ဖြစ်စဉ်ကို အသေးစိတ် ပြန်ကြည့်ကြည့်မယ်ဆိုရင် အဂွဲရိုး ပြစ်ဒဏ်ကျူးလွန်ခံလိုက်ရတာဖြစ်ပြီး သေချာပေါက် ပင်နယ်တီ သတ်မှတ်ပေးသင့်တာဖြစ်လို့ လာဟော့ဇ်ရဲ့ ဆုံးဖြတ်ချက်ကို ဂွာဒီယိုလာ အတော်လေး ဒေါသထွက်ခဲ့ရပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ရင်ဆိုင်ခဲ့ရစဉ်တုန်းကလည်း မန်စီးတီး ကစားသမားဟောင်း လီရွိုင်းဆာနေးရဲ့ သွင်းဂိုးကို ခွင့်မပြုပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ကလည်း လာဟော့ဇ်ပဲ ဖြစ်လို့နေပါတယ်။ အဲ့ဒီအချိန်တုန်းက လာဟော့ဇ်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဒီတစ်ကြိမ် အသင်းရဲ့ သမိုင်းကြောင်းတလျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တတ်လှမ်းလာချိန်မှာလည်း လာဟော့ဇ်နဲ့ ဂွာဒီယိုလာတို့ကြား ဘယ်လိုအခြေအနေတွေ ရှိလာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ သေချာတာကတော့ ဒီလို အရေးပါလွန်တဲ့ ပွဲစဉ်မှာ ကိုယ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့ဖူးတဲ့ ကွင်းလယ်ဒိုင်က တာဝန်ယူ ကြီးကြပ်မှာကိုတော့ ဂွာဒီယိုလာအနေနဲ့ သဘောကျနိုင်မှာ မဟုတ်ပါဘူး။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာကတော့ နာမည်ကြီး ပြင်သစ်ဒိုင်လူကြီး ကလီမန့်ကျူရန်က တာဝန်ယူ ဆောင်ရွှက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
(