ယမန်နေ့က အားကစားဆိုင်ရာခုံရုံး (CAS) မှာ ကြားနာဆုံးဖြတ်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၂နှစ်ပွဲပယ်ခံရမှုကို အယူခံဝင်ခဲ့တဲ့ အမှုမှာတော့ မန်စီးတီးအသင်း ဟာ အနိုင်ရရှိသွားခဲ့ပြီး သူတို့ကို ဥရောပ ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ် ကနေ ကင်းလွတ်ခွင့် ရရှိသွားခဲ့ပါတယ်။ The Court of Arbitration for Sports (CAS) ခေါ် အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဥရောပ ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ UEFA ရဲ့ မန်စီးတီး အသင်း အပေါ် စွဲချက်တင် ဆုံးဖြတ်ထားတဲ့ ချန်ပီယံလိဂ် ၂နှစ်ပွဲပယ် ပြစ်ဒဏ် ကနေ မန်စီးတီးအသင်းဟာ ကင်းလွတ်ခွင့် ရရှိသွားခဲ့သလို ဒဏ်ကြေးအဖြစ် ယူရို၃၀သန်း ပေးချေရမယ် လို့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်မှာလည်း လျော့ပေါ့ သွားခဲ့ပါတယ်။

Photo Credit: Express

ဥရောပဘောလုံး အဖွဲ့ချုပ် ဖြစ်တဲ့ UEFA ဟာ သူတို့ရဲ့ နာမည်ကျော် ဘဏ္ဏာရေးစည်းမျဉ်း ဖြစ်တဲ့ FFP စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် မန်စီးတီးအသင်းကို စွဲချက်တင်ကာ UEFA က ကြီးမှူးကျင်းပတဲ့ ဥရောပပြိုင်ပွဲတွေ ကနေ ၂နှစ် တိတိ ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ဒဏ်ငွေ ယူရို ၃၀သန်း ပေးချေရမယ်လို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အားကစားခုံရုံး ဟာ UEFA ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်သွားခဲ့သလို ဒဏ်ငွေကိုပါ လျှော့ချလိုက်တာကြောင့် ဥရောပရပ်ဝန်းမှာ ရှိတဲ့ ဘောလုံးပရိသတ်တွေဟာ UEFAနဲ့ ဘဏ္ဏာရေးစည်းမျဉ်း ဖြစ်တဲ့ FFP စည်းမျဉ်းတို့ အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပြီး ဒီပုံစံအတိုင်း ဆိုရင် FFP စည်းမျဉ်းဟာ အသင်းကြီးတွေအတွက် ရယ်စရာ စည်းမျဉ်း တစ်ခုအဖြစ်သာ ရှိနေလိမ့်မယ်လို့ ဘောလုံး ပရိသတ်တွေက ဝေဖန်ထားကြပါတယ်။

Photo Credit: Express

နာမည်ကျော် ဘောလုံးသုတေသီတွေကလည်း အဆိုပါ ကိစ္စရပ်နဲ့ ပတ်သတ်ပြီး UEFA နဲ့ FFP စည်းမျဉ်းအပေါ် လူတွေရဲ့ အထင်ကြီးမှုတွေဟာ ပျောက်ဆုံးသွားတော့မယ်လို့ သုံးသပ် လိုက်ကြပြီး UEFA ဟာ သူတို့ ပြဋ္ဌာန်းထားတဲ့ FFP စည်းမျဉ်း အသက်ဝင်လာအောင် ပိုမို တင်းကြပ်စွာ ကိုင်တွယ်သင့်နေပြီ လို့ သုံးသပ်နေကြပါတယ်။ မန်စီးတီးအသင်း ဘက်ကတော့ ယခုလို အယူခံ အောင်မြင်ခဲ့တာဟာ သူတို့အသင်း အနေနဲ့ မူလထဲက အမှားအယွင်း တစ်စုံတစ်ရာကိုမှ မကျူးလွန်ထားခဲ့လို့ ဖြစ်ကြောင်း ပြောဆို သွားခဲ့ပြီး အခုလို အယူခံဝင်တာ အောင်မြင်မှု ရခဲ့တာ ဖြစ်ကြောင်း ဝေဖန်မှုတွေကို ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။