ဥရောပ ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ UEFAဟာ လတ်တလောမှာ ကမ္ဘာကြီးတခုလုံးကို ခြိမ်းခြောက်နေတဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်သာ ဖြစ်လာခဲ့ရင် ယခုနှစ်ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ကျင်းပမယ့် နေရာကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

UEFAဟာ ယခုနှစ်ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရုရှားနိုင်ငံ အခြေစိုက် နာမည်ကြီးကလပ် ဇင်းနစ်ရဲ့ အိမ်ကွင်း ကာရာတော့ဗ်စကီကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး လတ်တလောမှာတော့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ ကိစ္စတွေကြောင့် ချန်ပီယံလိဂ်ဖိုင်နယ်ကို နေရာပြောင်း ကျင်းပဖို့ စတင် ဆွေးနွေးနေပါပြီ။

Photo Credit: Daily Mail

ဥရောပရဲ့ စစ်ရေးအင်အားကြီးနိုင်ငံ ဖြစ်တဲ့ ရုရှားဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံ ယူကရိန်းကို လူမျိုးရေး ပဋိပက္ခ တခုအား အကြောင်းပြကာ ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်ဆင်နေပြီး ရုရှားနိုင်ငံရဲ့ သမ္မတ ပူတင်ကိုယ်တိုင်ကလည်း ယနေ့မှာပဲ သူတို့ဟာ ယူကရိန်းနိုင်ငံရဲ့ ပိုင်နက်ထဲကို ရောက်ရှိနေတဲ့ သူတို့ရဲ့ နယ်မြေတွေကို ပြန်လည် ရယူမယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။

လက်ရှိမှာတော့ အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံအတော်များများက ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို တားဆီးဖို့ အစွမ်းကုန် ကြိုးစားနေကြပြီး အကယ်၍ ရုရှားကသာ ယူကရိန်းကို အမှန်တကယ် ကျူးကျော်စစ် ဆင်နွှဲရင် ယူကရိန်းဘက်ကနေ ဝင်ရောက် တိုက်ခိုက်ပေးဖို့လည်း စီစဉ်နေကြပါတယ်။

Photo Credit: Daily Mail

သေးငယ်တဲ့ နယ်မြေတခုကို အကြောင်းပြပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲဖို့ စီစဉ်နေတဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ်ဟာ အလွန် အကျည်းတန်တဲ့ လုပ်ရပ်တခု ဖြစ်ပြီး “မြက်ခင်းစိမ်းပေါ်မှာဆိုရင် လူသားတိုင်း အတူတူပဲ” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတဲ့ ကျွန်တော်တို့ ဘောလုံးကမ္ဘာရဲ့ အဖွဲ့အစည်း အတော်များများကလည်း ရုရှားကသာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲရင် ရုရှားကို အပြစ်ပေး အရေးယူဖို့ စတင် ဆောင်ရွက်နေကြပါပြီ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ UEFAရဲ့ တာဝန်ရှိသူတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲလာရင် ဘယ်လိုဆက်လုပ်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး တွေ့ဆုံ ဆွေးနွေးနေကြကာ တာဝန်ရှိသူ အများစုကတော့ အကယ်၍ ရုရှားကသာ ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့ရင် ရုရှားနိုင်ငံမှာ ချန်ပီယံလိဂ်ဖိုင်နယ် ကျင်းပမယ့် အစီအစဉ်ကို ချက်ချင်း ဖျက်သိမ်းဖို့ သဘောတူထားကြောင်းလည်း သိရပါတယ်။

ကဲ အားနည်းသူကို ဖေးမကူ ၊ မြက်ခင်းစိမ်းပေါ်မှာ အားလုံး အတူတူပါပဲ…။