MySport Myanmar

ကစားသမားဟောင်းကြီး ဆန်းချက်ဇ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အူဒီးနီးစ်

စီးရီးအေ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အူဒီးနီးစ်အသင်းကတော့ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်းကြီး အလက်ဆစ် ဆန်းချက်ဇ်ကို အသင်းဆီ ပြန်လည် ခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ချီလီ ဝါရင့် တိုက်စစ်ကစားသမားကြီး ဆန်းချက်ဇ်ဟာ ဘာစီလိုနာ အာဆင်နယ် မန်ယူနိုက်တက် အင်တာမီလန်တို့လို အသင်းတွေဆီမှာ မကစားရခင် အူဒီးနီးစ်အသင်းနဲ့အတူ ဥရောပ ဘောလုံးရပ်ဝန်းမှာ စတင် ကျင်လည်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TNT Sports

ဆန်းချက်ဇ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်ကတည်းက အူဒီးနီးစ်အသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်လေးအတွင်းမှာ အူဒီးနီးစ်ရဲ့ key player တစ်ယောက် ဖြစ်လာတဲ့အထိ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ရင်းကနေ (၅)နှစ်အကြာမှာပဲ သူ့ကို ဘာစီလိုနာအသင်းက ခေါ်ယူခဲ့ပါတယ်။

အခုတော့ ဆန်းချက်ဇ်ဟာ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပြီ ဖြစ်သလို free agent player တစ်ဦးလည်း ဖြစ်နေတာကြောင့် သူ့အသင်းဟောင်း အူးဒီးနီးစ်က ဆန်းချက်ဇ်ကို အသင်းဆီ နောက်တစ်ကြိမ် ထပ်မံ ရောက်ရှိလာဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Deportes13

ဆန်းချက်ဇ်လို အတွေ့အကြုံကောင်းတွေ အများကြီး ရှိနေတဲ့ ဝါရင့်ကစားသမားကြီးတစ်ဦးကို ဆော်ဒီကလပ်အသင်းတွေအပြင် ဘရာဇီးကလပ်တွေနဲ့ မေဂျာလိဂ် ကလပ်တွေကလည်း ခေါ်ယူချင်ကြမှာဖြစ်ပြီး ဒီအသင်းတွေနဲ့အပြိုင် အူဒီးနီးစ်ကလည်း သူတို့ရဲ့ ကစားသမားဟောင်းကြီးကို အသင်းနဲ့ ပြန်လည် ပူးပေါင်းစေချင်နေပါတယ်။

လက်ရှိမှာတော့ ဆန်းချက်ဇ်အတွက် ကမ်းလှမ်းမှုတွေက တော်တော်များများ ရရှိလို့နေပြီး ဒါကို ဆန်းချက်ဇ်ဘက်က မကြာခင်မှာပဲ ရွေးချယ် ဆုံးဖြတ်သွားဖို့လည်း ရှိနေပါတယ်။ ဆန်းချက်ဇ်ဟာ အူဒီးနီးစ် ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေမှာ ကစားခဲ့စဉ်တုန်းက အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ သူရဲ့စွမ်းဆောင်ရည်တွေက သိသိသာသာကိုပဲ ကျဆင်းသွားခဲ့ရပါတယ်။

Exit mobile version