MySport Myanmar

ဘိုင်ယန်နဲ့ မန်စီးတီး ၊ အင်တာမီလန်နဲ့ ဘင်ဖီကာ ပွဲတွေ အတွက် ပွဲကြို ခန့်မှန်းချက်

ကဲ ရီးရဲလ်မက်ဒရစ်နဲ့ အေစီမီလန်တို့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ အသီးသီး တက်ရောက်နိုင်ခဲ့ကြပါပြီ။ ဒီနေ့ညမှာတော့ ရီးရဲလ်မက်ဒရစ် ၊ အေစီမီလန်တို့နဲ့ ရင်ဆိုင်ရမယ့် အသင်းတွေကို အဖြေထုတ်ပေးမယ့် ပွဲစဉ်တွေ ကျန်နေပါသေးတယ်။ ဒီတော့ ကျွန်တော်တို့နဲ့အတူ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီး ၊ အင်တာမီလန်နဲ့ ဘင်ဖီကာပွဲတွေကို ရင်ခုန်လိုက်ကြရအောင်ဗျာ။

Photo Credit: The Analyst

ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီး (ပထမအကျော့ရလဒ် ဘိုင်ယန် ၀-၃ မန်စီးတီး)

ဒီပွဲကတော့ အဖြေ ထွက်ပြီးသား ပွဲလို့ပဲ ပြောရပါမယ်။ ဘိုင်ယန်မြူးနစ်က နစ်ဂယ်စမန်း လက်ထက်မှာ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးအသင်းလို့ သတ်မှတ်ခံရတဲ့ အထိ ရလဒ်ရော ခြေစွမ်းပိုင်းပါ တည်ငြိမ်ခဲ့ပေမယ့် နည်းပြအပြောင်းအလဲ လုပ်ပြီးတဲ့နောက်မှာ ခြေစွမ်းတွေ အတော်လေး ကျဆင်းနေခဲ့ပါတယ်။

မန်ချက်စတာ စီးတီးကတော့ ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို ခြေစွမ်းပိုင်း တည်ငြိမ်မှု အပြည့် ရှိနေပြီး ဟာလန်းကလည်း ဂိုးသွင်းခြေ တွေ့နေပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၃ကြိမ်စလုံးမှာလည်း မန်ချက်စတာ စီးတီးကပဲ ဘိုင်ယန်မြူးနစ်ကို အနိုင်ရထားပါတယ်။

တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ဒီနေ့ပွဲမှာ အိမ်ကွင်း ပရိသတ်အားနဲ့ မန်ချက်စတာ စီးတီးကို အနိုင်ယူဖို့ ကြိုးစားလာမှာ ဖြစ်ပေမယ့် ဟောဖန်ဟိမ်းကိုတောင် အနိုင်မရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းခြေကို ယုံကြည်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ မန်ချက်စတာ စီးတီး အတွက် သရေနဲ့ အနိုင်လို့ပဲ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – ဘိုင်ယန်မြူးနစ် ၂-၂ မန်စီးတီး

Photo Credit: The Analyst

အင်တာမီလန်နဲ့ ဘင်ဖီကာ (ပထမအကျော့ရလဒ် အင်တာမီလန် ၂-၀ ဘင်ဖီကာ)

ဒီပွဲကလည်း နောက်တဆင့် တက်မယ့် အသင်းကို မျက်လုံးမှိတ်ပြီး ပြောပြလို့ရတဲ့ ပွဲပါပဲ။ အင်တာမီလန်က စီးရီးအေပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဘိုင်ယန်မြူးနစ် တသင်းထဲကိုပဲ ရှုံးနိမ့်ထားတာပါ။

ဘင်ဖီကာကတော့ လက်ရှိ ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်နေပေမယ့် အိမ်ကွင်းမှာတောင် အင်တာမီလန်ကို နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ အဝေးကွင်းမှာ အင်တာမီလန်ကို အနိုင်ရဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဘင်ဖီကာက နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက်လည်း ရှုံးနိမ့်ထားတာကြောင့် စိတ်ဓာတ်ပိုင်းအရရော ခြေစွမ်းပိုင်းမှာပါ အိမ်ရှင် အင်တာမီလန်ကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် အင်တာမီလန်တို့ပဲ နိုင်ပွဲ ရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် – အင်တာမီလန် ၂-၁ ဘင်ဖီကာ

Exit mobile version