မန်ချက်စတာ စီးတီးအသင်း နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက လာမယ့် ကြားရက်မှာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် လိဂ်ဖလား တတိယအဆင့်ပွစဉ်ထဲ သူကိုယ်တိုင် ပါဝင်ကစားရနိုင်တယ်လို့ ဟာသနှောကာ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ မန်စီးတီးအသင်းမှာ ဒဏ်ရာရ ပွဲပန်းနေတဲ့ ကစားသမားတွေ များစွာ ရှိနေတဲ့အပြင် အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ရိုဒရီဟာလည်း နော်တင်ဟမ်နဲ့ ပွဲမှာပဲ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံထားရလို့ အခု နယူးကာဆယ်နဲ့ ပွဲစဉ်အပါအဝင် (၃)ပွဲခန့်အထိ ပွဲပယ်ခံရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : SportsMax

လက်ရှိမှာ မန်စီးတီးက ဒီရာသီထဲ ပရီးမီးယားလိဂ် (၆)ပွဲဆက် အနိုင်ရထားသလို ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကိုလည်း အနိုင်ရထားတယ် ဆိုပေမယ့်လည်း အသင်းမှာ ဒီဘရိုင်းနား ဂျွန်စတုန်းစ် ဘာနာဒိုဆေးလ်ဗား ကိုဗာဆစ်တို့ ဒဏ်ရာရထားသလို ရိုဒရီဟာလည်း ပွဲပယ်ထိနေရပါတယ်။

ဒီအခြေအနေမှာ ဂွာဒီယိုလာက “မိနစ်တွေ အများကြီး ကစားထားရတဲ့ ကစားသမားတချို့က နယူးကာဆယ်နဲ့ပွဲကို ကစားရတော့မှာ မဟုတ်ပါဘူး။ ခါရာဘောင်းဖလား ပွဲစဉ်ဆိုတာက အသင်းမှာ ပုံမှန် ကစားခွင့် ကစားသမားတွေအားလုံးအတွက် အရမ်းကောင်းတဲ့ ပြိုင်ပွဲမျိုးပါ။ သူတို့အတွက် ကစားခွင့်ရတဲ့ ပြိုင်ပွဲမို့ ဒါက အရမ်းကောင်းပါတယ်။”

Photo Credit : The Independent

“ဒါပေမယ့် တခြား ကစားသမားတွေအတွက်တော့ ခါရာဘောင်းဖလားပွဲမှာ တစ်မိနစ်လေးတောင် မသုံးချင်ပါဘူး။ ကစားသမားတွေရဲ့ စွမ်းအင်ကို မဆုံးရှုံးစေချင်လို့ပါ။ ဒီယက်စ်တို့ ဝေါ်ကာတို့ဆိုရင် အသင်းအတွက် လက်ရွေးစင်အတွက်ပါ ပွဲချိန်ပြည့် ကစားထားတာ။ သူတို့ အရမ်းပွဲပန်းနေကြပါပြီ။”

“ဒါကြောင့် ကျွန်တော်တို့တွေ လိုအပ်ရင် အကယ်ဒမီက ကစားသမားတွေကို အသုံးပြုကောင်း သုံးလာရနိုင်သလို ကျွန်တော်ကိုယ်တိုင်ကလည်း ကျောက သက်သာလာပြီမို့ မိနစ်အနည်းငယ်လောက်တောင် ပွဲကို ဝင်ထိန်းနိုင်ပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။