ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တဲ့ လက်ရှိ ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လက်ဝှေ့အကျော်အမော် တိုင်ဆန်ဖျူရီ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မန်ချက်စတာ စီးတီးအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အသုံးမကျတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေကို လေ့ကျင့်ရေးကွင်းထဲ အထိ လာပြီး ထိုးဦးမယ်လို့ သတိပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ခြေပြတ် အရေးနိမ့်ခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေးဂိုး ၂ဂိုးထဲသာ ခွင့်ပြုခဲ့ရပေမယ့် ကစားပုံပိုင်းမှာတော့ အတော်လေးကို ဆိုးရွားခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းက ပွဲစပွဲဆုံး ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိအားပေး ကစားသွားခဲ့ကာ နှစ်သင်းကြားမှာ အဆင့်အတန်း ကွာဟမှုတွေ ရှိနေကြောင်းကို သက်သေ ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ တိုင်ဆန်ဖျူရီက မန်ချက်စတာဒါဘီပွဲကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ပေါ့ဘာ ၊ ဂန္တဝင် ကစားသမား အီဗရာတို့နဲ့အတူ ကြည့်ရှုခဲ့ကာ ပွဲပြီးဆုံးချိန်မှာတော့ အသုံးမကျတဲ့ ကစားသမားတွေကို လေ့ကျင့်ရေးကွင်းထဲ အထိ လာပြီး ထိုးမယ်လို့ သူ့ရဲ့ အင်စတာဂရမ်အကောင့် ကနေ တဆင့် ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

တိုင်ဆန်ဖျူရီက – “ ဒီနေ့ပွဲမှာ စီးတီးကို အရှုံးပေးခဲ့ရတဲ့ ပုံစံက ဝိုင်ဒါတယောက် ကျွန်တော့်ကို ရှုံးနိမ့်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ အတော်လေးကို ဆိုးဝါးပါတယ်။ ကျွန်တော်တို့က အိမ်ကွင်းမှာ သိသိသာသာကြီး အလဲထိုးခံခဲ့ရတယ်။ ကျွန်တော်ကတော့ ဒီရှုံးပွဲက ပရိသတ်တွေ အပေါ် မလေးစားတဲ့ ကစားသမားတွေကြောင့် လို့ ထင်ပါတယ်။ သူတို့မှာ ဒီလိုပွဲမျိုးတွေကို အနိုင်ရအောင် ကစားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိပုံ မပေါ်ပါဘူး။ သူတို့ကို ကြည့်ရတာ ဘာပဲဖြစ်ဖြစ် ပျော်အောင် နေမယ်လို့ တွေးထားတဲ့ပုံပါ။ ကျွန်တော် ဝိုင်ဒါနဲ့ ထိုးတုန်းက ကြမ်းပြင်ပေါ်ကို တကြိမ် လဲကျသွားပေမယ့် ငါတော့ ဒီပွဲမှာ ရှုံးတော့မယ် ဆိုတဲ့ အတွေးမျိုး တခါမှ မဝင်ဖူးပါဘူး။ ကျွန်တော်က ပြန်ထပြီး ဝိုင်ဒါကို အနိုင်ယူဖို့ပဲ အမြဲတမ်း တွေးထားတာပါ။ ဒါကိုပဲ အောင်နိုင်သူတို့ရဲ့ စိတ်ဓာတ်လို့ ခေါ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေမှာတော့ ဒီလို စိတ်ဓာတ်မျိုး ပျောက်ဆုံးနေပါတယ်။ ကျွန်တော်ရယ် အီဗရာရယ်က လေ့ကျင့်ရေးကွင်း အထိ သွားပြီး အသုံးမကျတဲ့ ကစားသမား တချို့ကို လက်သီးစာ ကျွေးရတော့မယ် လို့ ထင်ပါတယ်။ ပြီးတော့ သူတို့နဲ့ ထိုက်တန်တဲ့ အဆဲကြမ်းကြမ်း တချို့လည်း ပေးရပါဦးမယ်” လို့ ပြောကြားခဲ့တာပါ။