MySport Myanmar

ဗန်ပါစီကြောင့် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာဆိုတဲ့ မာလာစီယာ

အခုနှစ် နွေဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူဖို့ ကြန့်ကြာနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမဆုံးသော ခေါ်ယူတဲ့ ကစားသမားသစ် ဖြစ်လာမယ့် ဘယ်နောက်ခံကစားသမားလေး တီလာမာလာစီယာက သူရဲ့ နယ်သာလန် စီနီယာကစားသမားကြီး ရော်ဘင်ဗန်ပါစီကြောင့် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်လာခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Premier League News Now

ဖီယင်နုအသင်းရဲ့ နောက်ခံအစွန်လူ ကစားသမားလေး မာလာစီယာဟာ အသက်(၉)နှစ်ကတည်းက ဖီယင်နု လူငယ်အကယ်ဒမီကို တတ်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်မှာပဲ ဖီယင်နုစီနီယာအသင်းအတွက် စတင်ပါဝင်ခဲ့ရသလို အသင်းအတွက် (၅)ရာသီအတွင်း (၁၃၆)ပွဲအထိ ပါဝင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖီယင်နုအသင်းအတွက် အတော်လေး ခြေစွမ်းပြနိုင်ခဲ့တဲ့ မာလာစီယာဟာ အစောပိုင်းက လိုင်ယွန်ကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းက ကြားဖြတ် ကမ်းလှမ်းလာခဲ့ရာ မာလာစီယာရော ဖီယင်နုအသင်းပါ စိတ်ကူးပြောင်းခဲ့ကြပြီး ယူနိုက်တက်နဲ့သာ အပြောင်းအရွှေ့ ဖြစ်လာဖို့ အကြောင်းဖန်သွားခဲ့ရပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွယ် နယ်သာလန်လက်ရွေးစင် မာလာစီယာဟာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုလို ယူနိုက်တက်ကို ရွေးချယ်ခဲ့ခြင်းက ယူနိုက်တက်နဲ့ နယ်သာလန် ကစားသမားဟောင်းကြီး ဗန်ပါစီကြောင့်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မာလာစီယာက “ဖီယင်နုရဲ့ လူငယ်အသင်းမှာ ပါဝင်ခဲ့ရစဉ်တုန်းက မန်ချက်စတာယူနိုက်တက်မှာ လူငယ်ပြိုင်ပွဲတစ်ခုကို ပါဝင်ခဲ့ပြီးနောက်မှာ ငါဒီနေရာကို တစ်နေ့ ပြန်လာခဲ့မယ်ဆိုပြီး ကြုံးဝါးခဲ့သေးတယ်။ အခုတော့ ဒါတွေက တကယ်ဖြစ်လာခဲ့ရလို့ အရမ်းကို အံ့သြစရာကောင်းပါတယ်။ ကျွန်တော်က ယူနိုက်တက်ကို အမြဲတမ်း အားပေးလာခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ရော်ဘင်ဗန်ပါစီက အဲ့ဒီမှာ ကစားခဲ့ဖူးတာကြောင့်ပါ။ ရော်ဘင်ကြောင့် ကျွန်တော် ဒီနေရာကို ရောက်လာဖို့ ပုံမှန်ထက် ပိုမိုခံစားချက်မျိုး ရှိနေရတာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မာလာစီယာရဲ့ idol ကြီး ဗန်ပါစီဟာ ယူနိုက်တက်အသင်းမှာ (၃)နှစ်ပါဝင်ခဲ့သူဖြစ်ပြီး အသင်းအတွက် နောက်ဆုံးသော ပရီးမီးယားလိဂ်ဆုဖလားကို ယူဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိမှာတော့ ဖီယင်နုလူငယ်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေပါတယ်။

Exit mobile version