MySport Myanmar

နွေဈေးကွက်အတွင်း ခြေလှမ်းသွက်နေတဲ့ လိဒ်စ် ကစားသမားသစ်တစ်ဦးကို ထပ်မံခေါ်ယူ

၂၀၂၂ခုနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ မထင်မှတ်ပဲ ခြေလှမ်းတွေ အရမ်းသွက်နေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းက နောက်ထပ် ကစားသမားသစ်တစ်ဦးကို ထပ်မံခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကစားသမားကတော့ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် လိုက်ပ်ဇစ်အသင်းရဲ့ အမေရိကန် ကွင်းလယ်ကစားသမားလေး တိုင်လာအဒမ်စ်ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့ ခေါ်ယူလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

Photo Credit : Bundesliga

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ခဲ့ရတဲ့ လိဒ်စ်အသင်းဟာ လက်ရှိမှာတော့ လာမယ့်ဘောလုံးရာသီအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေကို ခပ်သွက်သွက် လုပ်ဆောင်လို့နေပြီး အသင်းကနေ ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်နဲ့ အသင်းကနေ လမ်းခွဲတော့မယ့် ရာဖင်ညာတို့နေရာအတွက်ကိုလည်း အင်အားဖြည့်တင်းလို့နေပါတယ်။ လိဒ်စ်အသင်းက သူတို့ရဲ့ အဓိက ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို လက်မလွတ်ရခင်မှာပဲ သူ့နေရာအတွက် စပိန်ကွင်းလယ်လူ မာ့ခ်ရိုကာကို ဘိုင်ယန်မြူးနစ်အသင်းကနေ ကြိုတင်ခေါ်ယူထားခဲ့ပြီး အခုလည်း နောက်ထပ် DM တစ်ဦးအဖြစ် တိုင်လာအဒမ်စ်ကိုကပါ ခေါ်ယူလိုက်ပါတယ်။

Photo Credit : Leeds Live

အသက်(၂၃)နှစ်အရွယ်ရှိ အမေရိကန်လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား တိုင်လာအဒမ်စ်ဟာ ၂၀၁၉ခုနှစ်ကတည်းက မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဘူးအသင်းကနေ လိုက်ပ်ဇစ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ဆရာသမားဟောင်း ဂျက်ဆီမက်ချ်နဲ့ ပြန်လည်လက်တွဲဖြစ်ခဲ့ပါတယ်။ အခုလည်း သူရဲ့ ဆရာမက်ချ်က အဒမ်စ်ကို လိဒ်စ်ယူနိုက်တက်အသင်းထိပါ ထပ်မံခေါ်ယူလိုက်ပြန်တာကြောင့် မက်ချ်နဲ့ အဒမ်စ်တို့အနေနဲ့ တတိယအကြိမ်မြောက်အထိ ဆုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ အဒမ်စ်ဟာ လိုက်ပ်ဇစ်အသင်းအတွက် (၃)ရာသီဝက်အထိ ပါဝင်ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ (၁၀၃)ပွဲအထိ ကစားပေးနိုင်ခဲ့ပါတယ်။ တိုင်လာအဒမ်စ်ဟာ လိုက်ပ်ဇစ်ကို မရောက်ရှိခင် နယူးယော့ခ်ရက်ဘူးမှာ ကစားနေစဉ်ကတည်းက အမေရိကန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၃၀)ထိ ပါဝင်ထားခဲ့ပါတယ်။ အခုဆိုရင်တော့ အဒမ်စ်ဟာ သူရဲ့ အမေရိကန်အသင်းဖော် ဘရန်ဒန်အာရွန်ဆန်နဲ့ပါ ကလပ်အသင်း တစ်သင်းတည်းမှာ အတူပူးပေါင်းကစားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version