ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုုံးတော့မယ့် ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာရဲ့အခြေအနေဟာ လက်ရှိအချိန်ထိ အသင်းနဲ့ သက်တမ်းတိုးဖို့ မသေချာသေးတဲ့ အနေအထား ဖြစ်နေတာကြောင့် ပေါ့ဘာကို ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ ပီအက်စ်ဂျီတို့လို အသင်းကြီးတွေအပြင် အမည်ဖော်ပြထားခြင်း မရှိတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း(၂)သင်းက စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၁ခုနှစ်မှာ သူရဲ့စီနီယာကစားသမားဘဝကို ယူနိုက်တက်အသင်းမှာ စတင်ခဲ့ရပေမယ့် အသင်းမှာ နေရာသိပ်မရတာကြောင့် ၂၀၁၂ခုနှစ်မှာပဲ ဂျုဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိမှာ ပေါ့ဘာဟာ ယူနိုက်တက်အသင်းအတွက် ဘောလုံးရာသီ (၆)ရာသီမြောက်ကို ဖြတ်သန်းနေတာဖြစ်ပြီး ဒီရာသီအကုန်မှာပဲ ပေါ့ဘာနဲ့ ယူနိုက်တက်အသင်းတို့ကြား စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သက်တမ်းပမာဏ တစ်နှစ်လောက် ကျန်ရှိနေကတည်းက ပေါ့ဘာရဲ့ အနာဂတ် အခြေအနေတွေဟာ စတင်လှုပ်ခတ်လာခဲ့တာဖြစ်ပြီး ပေါ့ဘာကိုယ်တိုင် ပြောဆိုထားမှုတွေနဲ့ သူရဲ့အေးဂျင့် ရွိုင်ယိုလာရဲ့ ပြောစကားတွေကြောင့် ပေါ့ဘာရဲ့အနာဂတ်က ပိုပြီးတော့ကို လှုပ်ခတ်လာခဲ့ပါတယ်။ အခုလည်း ပေါ့ဘာရဲ့စာချုပ်သက်တမ်းက (၃)လဝန်းကျင်လောက်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ယူနိုက်တက်ဘက်က ပေါ့ဘာကို သက်တမ်းတိုးဖို့ မစီစဉ်သေးသလို ပေါ့ဘာကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲဖို့ကိုသာ အစီအစဉ်ရှိနေတာကြောင့် ပေါ့ဘာကို ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ ပီအက်စ်ဂျီတို့လို ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားလျက် ရှိနေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း (၂)သင်းကပါ ပေါ့ဘာရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။ ပေါ့ဘာအနေနဲ့ကတော့ ဒီရာသီ အသင်းရဲ့ အခြေအနေတွေအပေါ်မှာ အားမလိုအားမရ ဖြစ်နေပေမယ့် အသင်းက လာမယ့်ရာသီအတွက် ခန့်အပ်သွားမယ့့် နည်းပြသစ်နဲ့ အသင်းရဲ့ ရှေ့ဆက်သွားမယ့် အစီအစဉ်တွေကို စောင့်ကြည့်ပြီး သက်တမ်းတိုးမယ့် ကိစ္စကို စဉ်းစားဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်။