ကင်မရွန်း ဂိုးသမား အန်ဒရေ အိုနာနာက အင်တာမီလန်ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ခင်တုန်းက လန်ဒန် ကလပ်အသင်း (၂)သင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်ခဲ့သေးတယ်လို့ အိုနာနာ အေးဂျင့်ဖြစ်သူက ပြောဆိုသွားခဲ့ပါတယ်။
ဂိုးသမား လိုအပ်ချက် ရှိနေကြတဲ့ ချယ်လ်ဆီး နဲ့ စပါးတို့ လန်ဒန် အသင်းနှစ်သင်းဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက အိုနာနာကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ချယ်လ်ဆီးဆိုရင် အင်တာမီလန်နဲ့ပါ ချိတ်ဆက်ခဲ့သေးတယ်လို့ အိုနာနာ အေးဂျင့်က ဖွင့်ဟခဲ့ပါတယ်။
Photo Credit : Goal
ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်တာမီလန်အသင်းမှာ ရှယ် လက်စွမ်းပြသနိုင်ခဲ့တာကြောင့် သူ့ကို ဥရောပ ကလပ်အသင်းများစွာက မျက်စိကျလာခဲ့ပါတယ်။ ဒီလို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ဆရာဟောင်း တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက်အသင်းဆီကို ရွေးချယ် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကလည်း အသင်းနဲ့ (၁၂)နှစ်အထိ လက်တွဲခဲ့တဲ့ ဒီဟေးယားနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ တန်ဟက်ဂ် အရမ်းလိုချင်နေတဲ့ sweeper keeper ဂိုးသမားတစ်ဦးဖြစ်တဲ့ အေဂျက်စ် ဂိုးသမားဟောင်း အိုနာနာကို အင်တာကနေ အရ ခေါ်ယူပေးခဲ့ပြီး ဆရာတပည့် နှစ်ဦးကို ပြန်လည် ဆုံစည်းစေခဲ့ပါတယ်။
Photo Credit : TEAMtalk
ဒီလို အပြောင်းအရွှေ့ မဖြစ်လာခင်မှာ အိုနာနာကို လန်ဒန် (၂)သင်းက ကြိုးပမ်းခဲ့ဖူးကြောင်း “ဧပြီလလောက်ကနေ စတင်ပြီးတော့ ကျွန်တော့် ကစားသမားအကြောင်းကို အသင်း တော်တော်များများက စုံစမ်းလာကြပါတယ်။ တော့တင်ဟမ်လည်း အချက်အလက်တွေကို စုံစမ်းခဲ့တယ်။ ချယ်လ်ဆီးကလည်း အလွန်အမင်း စိတ်ဝင်စားနေကြောင်း ပြသခဲ့ပါတယ်။ လန်ဒန်မှာလည်း တွေ့ဆုံခဲ့ပါသေးတယ်။ ချယ်လ်ဆီးကတော့ အင်တာနဲ့ပါ ဆွေးနွေးဖြစ်ခဲ့တယ်။”
“ဒါပေမယ့်လည်း တန်ဟက်ဂ်က အဓိကနေရာကနေ ပါဝင်သွားခဲ့တယ်လို့ ပြောရမယ်။ ကျွန်တော်တို့က ဂွာဒီယိုလာလို ကြီးကျယ် ခမ်းနားတဲ့ နည်းပြများနဲ့ ရင်ဆိုင်ပြီး မန်ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးရအောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့မှာ ကြီးမားတဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။” လို့ အိုနာနာ ကိုယ်စားလှယ်က ပြောဆိုသွားခဲ့ပါတယ်။