စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ယာယီ ဥက္ကဌ ဖြစ်သူ တက်စ်ကွက် ကတော့ သူတို့အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီကို ရောင်းချခဲ့သင့်ကြောင်း ဝန်ခံစကား ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးကို ဘာစီလိုနာ အသင်းမှာပဲ မြှုပ်နှံထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ ရခဲ့တဲ့ ဆိုးဝါးတဲ့ ရလဒ်တွေ ၊ နောက်ဆုံး ၃နှစ် အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေကို သဘောမကျတာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာ အသင်းရဲ့ ယခင် ဥက္ကဌဟောင်း ဖြစ်သူ ဘာတိုမြူဟာ မက်ဆီကို အသင်းက‌နေ ကြိုက်တဲ့ အချိန် ထွက်ခွာလို့ရကြောင်း ကတိပေးခဲ့ပေမယ့် မက်ဆီဘက်က အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ တောင်းဆို လာချိန်မှာ လက်မခံခဲ့ပါဘူး။ အဲ့ဒီနောက် မက်ဆီရဲ့ ဆရာဟောင်း ဖြစ်သူ ပပ်ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ မက်ဆီကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနီးပါးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာ အသင်းဟာ မက်ဆီကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းနဲ့ မက်ဆီတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် မက်ဆီကိုသာ စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ခြင်း မရှိပါက ဘာစီလိုနာ အသင်းဟာ သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ် ရဖွယ် ရှိနေပါတယ်။

Photo Credit: Marca

လက်ရှိအချိန် မှာတော့ ဘာစီလိုနာ အသင်းရဲ့ ယာယီ ဥက္ကဌဖြစ်သူ တက်စ်ကွက်က သူတို့ဟာ မက်ဆီကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချခဲ့သင့်ကြောင်း ဝန်ခံ သွားခဲ့ပါတယ်။ တက်စ်ကွက်က “ စီးပွားရေး စကားနဲ့ ပြောရရင် ကျွန်တော်ဟာ မက်ဆီကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချခဲ့ သင့်ပါတယ်။ အဲ့ဒီလိုသာ ရောင်းချလိုက်ရင် ကျွန်တော်တို့ဟာ မက်ဆီကို ပေးချေနေရတဲ့ လုပ်ခလစာကို ချွေတာနိုင်မှာ ဖြစ်သလို ပြောင်းရွှေ့ကြေးလည်း ရရှိဦးမှာပါ။ အဲ့ဒါက သဘောကျစရာ ကောင်းတဲ့ အရာ တစ်ခုပါ။ ဒါပေမယ့် မက်ဆီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမယ် ဆိုတာကို နည်းပြအဖွဲ့ဝင်တွေ က ဆုံးဖြတ်ခဲ့တာပါ။ အဲ့ဒီနေရာရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်နဲ့ မဆိုင်ပါဘူး။ အခုချိန်မှာ လာလီဂါက လစာငွေတွေကို အကန့်အသတ်နဲ့သာ သုံးစွဲဖို့ စည်းမျဉ်းတွေ ချမှတ်ခဲ့ပါတယ်။ တကယ်လို့ မက်ဆီကိုသာ အရှေ့မှာ ရောင်းချခဲ့ရင် ကျွန်တော်တို့ အတွက် အကူအညီ ဖြစ်မှာ သေချာပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။