MySport Myanmar

အင်္ဂလန်နဲ့ပွဲမှာ ဆာကာအား သတိထားဖို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ တာနာ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ တာနာကတော့ လာမယ့် နိုဝင်ဘာလ ၂၆ရက်နေ့ မနက်အစောပိုင်းမှာ အုပ်စု ဒုတိယပွဲ အဖြစ် ယှဉ်ပြိုင် ကစားရမယ့် အင်္ဂလန်နဲ့ပွဲမှာ သူ့ရဲ့ ကလပ်အသင်းဖော် ဆာကာအား သတိထား ကစားကြဖို့ အမေရိကန် အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။

တာနာရဲ့ အမေရိကန်က ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ အင်္ဂလန် ၊ အီရန် ၊ ဝေးလ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စုအဖွင့်ပွဲ အဖြစ် ဝေးလ်နဲ့ ကစားခဲ့ရာမှာ တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ထားပါတယ်။

 

Photo Credit: Goal

အင်္ဂလန် ၊ အီရန် ၊ အမေရိကန်နဲ့ ဝေးလ်တို့ ပါဝင်နေတဲ့ အုပ်စုမှာ အင်္ဂလန်က အုပ်စု ပထမနေရာ ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး အမေရိကန်နဲ့ ဝေးလ်တို့က အုပ်စု ဒုတိယနေရာကို အပြိုင် လုရဖို့ ရှိနေကာ အီရန်ကတော့ အိမ်ဖြည့်အဆင့်သာ ရှိပါတယ်။

ဒါကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်ချင်ကြတဲ့ အမေရိကန်နဲ့ ဝေးလ် နှစ်သင်းစလုံးဟာ အင်္ဂလန်နဲ့ ကစားရမယ့် ပွဲတွေမှာ မဖြစ်မနေ မရှုံးနိမ့်အောင် ကစားဖို့ လိုအပ်ပြီး အမေရိကန် နံပါတ်တစ် ဂိုးသမား တာနာကတော့ အင်္ဂလန်နဲ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဆာကာကို ထိန်းချုပ် ကစားနိုင်ဖို့ လိုကြောင်း အသင်းဖော်တွေကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

တာနာက – “ဆာကာက ဘောလုံးလောကရဲ့ လူငယ်ကြယ်ပွင့်တွေထဲက တဦးပါ။ သူက အရည်အသွေးမြင့် ထိပ်တန်း ကစားသမား တဦး ဖြစ်သလို ကျွန်တော်တို့နဲ့ အင်္ဂလန် ကစားရမယ့်ပွဲမှာ သူဟာ ကျွန်တော်တို့ အသင်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တခု ဖြစ်လာမယ် ဆိုတာကို မေးနေစရာတောင် လိုမယ် မထင်ပါဘူး။ သူက နည်းလမ်းပေါင်းစုံနဲ့ ဂိုးသွင်းယူနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ အခုဆိုရင် သူက တိုးတက်လာသလို ပိုပြီး ရင့်ကျက်လာပါပြီ။ ကျွန်တော့်အမြင်မှာတော့ သူဟာ အချိန်နဲ့အမျှ တိုးတက်လာနေတဲ့ ကစားသမား တဦးပါ။ ကျွန်တော်က သူနဲ့ လအနည်းငယ်ပဲ တွဲကစားရသေးပေမယ့် သူ့ရဲ့ အရည်အသွေးကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်က ကိုယ်နဲ့ ရင်းနှီးတဲ့ လူတွေကို ပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားရမှာကို တွေးပြီး ပျော်ရွှင်မိပါတယ်။ ဆာကာက အရမ်းကောင်းတဲ့ ကစားသမား တဦး ဖြစ်သလို ပွဲရဲ့ အဖြေကို ပြောင်းလဲပေးနိုင်စွမ်းလည်း ရှိပါတယ်” လို့ ဆာကာနဲ့ ပတ်သတ်ပြီး အသင်းဖော်တွေကို သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆာကာက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် အတွက် ၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

Exit mobile version