အမည်မဖော်လိုတဲ့ တူရကီကလပ် တချို့က ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်မှာ မပျော်ရွှင်တဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်ထံ စုံစမ်းမှု တချို့ ပြုလုပ်ထားကြောင်း သိရပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့ရာသီ ၂ခု အထိ ကြိုးစားခဲ့ရတာကြောင့် ပရိသတ်တွေက ဆန်ချို တယောက် ယူနိုက်တက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဆန်ချိုဟာ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့သလို ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။

ဆန်ချိုက ၃ရာသီ ၂နှစ်ကျော် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၈၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ်သာ ပြုလုပ်ပေးထားပြီး ယခုနှစ်ရာသီမှာလည်း ၇၆မိနစ်သာ ကစားပေးထားပါတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့အပတ်မှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ ကြားထဲမှာ သူ့ရဲ့ ကစားချိန်နဲ့ ပတ်သတ်ပြီး အချင်းများမှုတွေ ရှိခဲ့ကာ တန်ဟက်ဂ်က လေ့ကျင့်ရေးကွင်းမှာ မကြိုးစားဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်ချိုကို တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်ရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့သလို ဆန်ချိုကလည်း သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် တန်ဟက်ဂ် ပြောတဲ့ စကားတွေဟာ အမှားတွေသာ ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျရေမီ ဘိုင်လေရဲ့ ဖော်ပြချက်အရ တူရကီကလပ် တချို့က ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်နဲ့ အဆင်မပြေဖြစ်နေတဲ့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြပြီး တူရကီကလပ်တွေဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်ထံ တရားဝင် ဆက်သွယ်မှုတွေ လုပ်ထားကြကာ မန်ချက်စတာ ယူနိုက်တက်ကတော့ ဆန်ချိုကို လက်လွှတ်မလား ၊ အသင်းမှာပဲ ဆက်ထားမလား ဆိုတာကို အတိအကျ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။