ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းထားပေမယ့် ကစားသမားဘက်က အခုထိ စာချုပ်ကိစ္စကို မတုံ့ပြန်ထားသေးပဲ သူရဲ့အနာဂတ်က မရေမရာ ဖြစ်နေရသလို ပေါ့ဘာအနေနဲ့ ယူနိုက်တက်နဲ့ သက်တမ်းတိုးနိုင်သလို သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ဂျုဗင်တပ်စ်ဆီကိုလည်း ပြန်သွားနိုင်တယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သုူ မီနိုရွိုင်အိုလာက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ အီတလီစီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး ၂၀၁၆ခုနှစ် နွေစျေးကွက်မှသာ မန််ချက်စတာယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်နီးပါးသာ ကျန်ရှိနေတော့တာဖြစ်လို့ အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် ပေါ့ဘာကတော့ သက်တမ်းတိုးမယ့် ကိစ္စရပ်အပေါ် တစ်စုံတစ်ရာ မတုံ့ပြန်ထားသေးတာကြောင့် သူ့ကို ကလပ်အသင်းများစွာကနေ စောင့်ကြည့်နေကြပြီး ဒီအသင်းတွေထဲမှာ ပေါ့ဘာရဲ့ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းလည်း ပါဝင်နေပါတယ်။

Photo Credit : Goal

ပေါ့ဘာရဲ့ အနာဂတ်အခြေအနေနဲ့ ပတ်သက်ပြီး ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက “ပေါလ်ပေါ့ဘာက နောက်နှစ် ဇွန်လဆိုရင် သူရဲ့လက်ရှိ စာချုပ်သက်တမ်းက ကုန်ဆုံးပါပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်သလို ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုလည်း စောင့်ကြည့်ရပါလိမ့်မယ်။ တူရင်မြို့ဆိုတာကတော့ ပေါ့ဘာရဲ့ နှလုံးသားထဲမှာ အမြဲရှိနေဦးမယ့် နေရာတစ်ခုပါ။ ပေါ့ဘာအနေနဲ့ကလည်း ဂျုဗင်တပ်စ်အသင်းဆီ ပြန်သွားနိုင်ဖို့ အခွင့်အလမ်းတွေတော့ ရှိနေသေးတယ်လို့ ဆိုရမှာပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ဆိုတာကလည်း ဂျုဗင်တပ်စ်အသင်းရဲ့ အစီအစဉ်တွေပေါ်မှာတော့ မူတည်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင် နာမည်ကျော် ဗြိတိ်န်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Athletic ကနေ ဖော်ပြလာချက်အရ ပေါ့ဘာဟာ အသင်းရဲ့ လက်ရှိအခြေအနေတွေ ကစားသမားအင်အား တောင့်တင်းလာမှုတွေအပေါ် အားရကျေနပ် ဖြစ်လို့နေတာကြောင့် ယူနိုုက်တက်အသင်းနဲ့ ဆက်လက်ပူးပေါင်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။