မနေ့က super sunday ညမှာ ယှဥ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ အကြိတ်အနယ် အရမ်းရှိခဲ့သော လန်ဒန်ဒါဘီပွဲစဥ်ဟာ တစ်ဖက်ကိုနှစ်ဂိုးစီနဲ့ သရေပွဲအဖြစ် ပြီးဆုံးသွားခဲ့ရပေမယ့်လည်း ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကတော့ သူတို့အသင်းကသာ နိုင်ပွဲနဲ့ အထိုက်တန်ဆုံးအသင်း ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Chelsea vs. Tottenham score: Harry Kane scores in final minute as Spurs earn draw at Stamford Bridge - CBSSports.com

Photo Credit : CBS Sports

စတမ်းဖို့ဒ်ဘရစ်မှာ ထိပ်တိုက်ယှဥ်ပြိုင်ခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ စပါးတို့ပွဲစဥ်ဟာ အပြန်အလှန်သွင်းဂိုးတွေ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေ ကစားသမားတွေအပြင် နည်းပြနှစ်ဦးရဲ့ အချင်းပွားမှုတွေနဲ့ ပွဲက မြိုင်ဆိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးလေးမှ ချေပဂိုး ခွင့်ပြုလိုက်ရတဲ့ အိမ်ရှင်ချယ်လ်ဆီးအတွက်က နစ်နာမှုတွေ ရှိခဲ့ရပါတယ်။ ကွင်းလယ်ဒိုင် အန်တိုနီတေလာရဲ့ ပွဲအပေါ် ဆုံးဖြတ်ချက်တွေနဲ့ VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တချို့က မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး အနိုင်(၃)မှတ်ပြည့် ရခါနီးမှ တစ်မှတ်ခွဲပေးလိုက်ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြတူဟယ်လ်ကတော့ ဒီရလဒ်အပေါ် ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ပွဲအပြီးမှာ ပွဲရလဒ်နဲ့ ပတ်သတ်ပြီး နည်းပြတူဟယ်လ်က “ဂိုးနှစ်ဂိုးလုံးက မတည်ရှိသင့်ပါဘူး။ အနိုင်ရဖို့ ထိုက်တန်တဲ့ အသင်းတစ်သင်းပဲ ရှိပါတယ်။ အဲ့ဒါက ကျွန်တော်တို့ အသင်းပါပဲ။ ကျွန်တော့်အသင်း ထိုက်တန်တဲ့ အရာကို မရရှိခဲ့တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ဒီနေ့ပွဲမှာ ဟွိုင်းဘယက်နဲ့ ဘန်တန်ကာတို့ tactical fouls တွေကို ဘယ်နှစ်ကြိမ်ထိ ကျူးလွန်ခဲ့သလဲဆိုတာ မသိပါဘူး။ ဘောလုံးပွဲတွေထဲမှာ ဘယ်အချိန်ကတည်းက ဆံပင်ဆွဲနိုင်သွားတာလဲ။ သူတို့က ဒါကို စစ်ဆေးတယ်။ နောက်ပြီးတော့ ဘာမှမဖြစ်လာဘူး။ တကယ့်ကို ရယ်စရာကြီးပါ” လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ တူဟယ်လ်နဲ့ စပါးနည်းပြ အန်တိုနီယိုကွန်တီတို့ နည်းပြနှစ်ဦးလုံးဟာလည်း ပွဲချိန်အတွင်းမှာရော ပွဲပြီးဆုံးချိန်မှာပါ အချင်းများမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသလို အနီကတ်တွေလည်း ပြသခံခဲ့ရပေမယ့် ဒါက သူတို့နှစ်ယောက်လုံး စိတ်ခံစားချက်တွေ ပြင်းထန်ခဲ့ရုံကလွဲလို့ ကျန်တာ ဘာမှမဖြစ်ပါဘူးလို့ တူဟယ်လ်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။