ပြင်သစ်လီဂူးဝမ်းရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မာဆေးလ်ရဲ့ နည်းပြချုပ် ဖြစ်သူ တူဒါကတော့ မနက်ဖြန်မှာ သူတို့အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို ရယူထားနိုင်တဲ့ ကစားသမား ဖြစ်သလို သူက ယခုနှစ် ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: SPORT

အမ်ဘာပေက ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာ အများဆုံး ဆော့ကစားလေ့ ရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ လျင်မြန်မှု ၊ အဆုံးသတ် တိကျမှုနဲ့ ပြိုင်ဘက်တွေကို အလွယ်တကူ လိမ်ခေါက် ဖြတ်ကျော်နိုင်မှုတို့ကြောင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲ ပါဝင်နေသူပါ။

ဒါပေမယ့် မာဆေးလ်နည်းပြ တူဒါကတော့ အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ယုံကြည်နေပြီး မာဆေးလ်နဲ့ ပီအက်စ်ဂျီတို့ ကစားမယ့် ပွဲမှာ အမ်ဘာပေ တယောက် ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်မှုဟာ သူတို့အသင်းအတွက် အားဆေးတခွက် ဖြစ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: SPORT

တူဒါက – “ကျွန်တော်ဟာ ဘောလုံးလောကမှာ ရှိတဲ့ တခြား အရည်အသွေးမြင့် ကစားသမားတွေ အားလုံးကိုလည်း လေးစားပေမယ့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားက အမ်ဘာပေလို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ပွဲမှာ သူ မပါဝင်နိုင်တာဟာ ကျွန်တော်တို့ အတွက် အားသာချက် တခုပါပဲ။ ဒါပေမယ့် ပီအက်စ်ဂျီမှာ ပွဲရဲ့ အဖြေကို ဆုံးဖြတ်ပေးနိုင်တဲ့ တခြား ကစားသမားတွေ အများကြီး ကျန်ပါသေးတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

အမ်ဘာပေက ကြွက်သားဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး သူဟာ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ် မတိုင်မီ ဒဏ်ရာကနေ ပြန်လည် သက်သာလာအောင် ကြိုးစားနေပါတယ်။