ဘိုင်ယန်မြူးနစ်အသင်းရဲ့ လက်ရှိနည်းပြ သောမတ်စ် တူဟယ်လ်က လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်ချင်ပေမယ့်လည်း အဲ့ဒီလိုသာ မဖြစ်လာခဲ့ရင်တော့ ဘာစီလိုနာအသင်းကိုပဲ ကိုင်တွယ်သွားချင်နေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီး ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ နည်းပြဟောင်း တူဟယ်လ်ဟာ လက်ရှိမှာ ဘိုင်ယန်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အတော်လေး ရေပန်းစားနေပြီး ရာသီအကုန်မှာ လက်တွဲဖြုတ်တော့မှာ ဖြစ်ပေမယ့်လည်း ဒီနေ့ည လာဇီယိုနဲ့ပွဲမှာ ရလဒ်ဆိုးတာနဲ့ ချက်ချင်း အထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

မနှစ်က ဒီလိုအချိန်မှာပဲ ဘိုင်ယန်နည်းပြ ဖြစ်လာခဲ့တဲ့ တူဟယ်လ်က ဒီရာသီမှာတော့ ဂျာမန်စူပါဖလားနဲ့ ပိုကယ်ဖလားတို့ကို လက်လွတ်ထားခဲ့ရတဲ့အပြင် ဘွန်ဒက်စ်လီဂါမှာလည်း လေဗာကူဆင်အသင်းရဲ့အောက် (၁၀)မှတ်အကွာကို ရောက်နေရသလို ချန်ပီယံလိဂ်မှာလည်း လာဇီယိုကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။

ဘိုင်ယန်က ပြီးခဲ့တဲ့ ဘောလုံးရာသီ (၁၀)ရာသီအတွင်း ချန်ပီယံလိဂ်မှာ (၁၆)သင်းရှုံးထွက်နဲ့ပဲ ကျေနပ်ခဲ့ရတာက တစ်ကြိမ်သာ ရှိဖူးသေးပြီး အခုလည်း လာဇီယိုကို မကျော်ဖြတ်နိုင်ပဲ (၁၆)သင်းအဆင့်နဲ့ အဆုံးသတ်ရမယ်ဆိုရင်တော့ တူဟယ်လ် အနာဂတ်လည်း ချက်ချင်း အဖြေပေါ်သွားနိုင်ပါတယ်။

Photo Credit : Barca Universal

ဘယ်လိုပဲဖြစ်ဖြစ် ဘိုင်ယန်နဲ့ သေချာပေါက် လမ်းခွဲရမယ့် တူဟယ်လ်က ပရီးမီးယားလိဂ်ဆီ ပြန်လာချင်နေပြီး ယူနိုက်တက်အသင်းက သူ ကိုင်တွယ်ချင်ဆုံး ပရီးမီးယားလိဂ် ကလပ်အသင်းလည်း ဖြစ်နေရပါတယ်။ တူဟယ်လ်လိုပဲ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေကလည်း လှုပ်ခတ်နေတာမို့ ယူနိုက်တက်သာ နည်းပြအပြောင်းအလဲ ဖြစ်လာရင် တန်ဟက်ဂ်နေရာကို အစားဝင်လာဖို့ ရှိနေပါတယ်။

ဒါပေမယ့် အခုလို ယူနိုက်တက်နည်းပြ ဖြစ်လာဖို့ စိတ်ဝင်စားနေသည့်တိုင် ယူနိုက်တက်က တခြားနည်းပြတစ်ဦးကိုသာ ခန့်အပ်သွားမယ်ဆိုရင်တော့ တူဟယ်လ်က ဒီရာသီအကုန်မှာ ဇာဗီနဲ့ လက်တွဲဖြုတ်တော့မယ့် ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။