ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ် ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အီတလီ အခြေစိုက် သတင်းဌာနတွေနဲ့ အင်တာဗျူးတွေ ပြုလုပ်ပြီး အသင်းကနေ ထွက်ခွာချင်နေကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောကြားခဲ့တဲ့ အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Sky Sports

လူကာကူဟာ ချယ်လ်ဆီးအသင်းထံ ယခုနှစ်မှ စတင် ရောက်ရှိလာသလို အသင်းနဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အီတလီ သတင်းဌာနတွေနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူဟာ ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့သလို အသင်းဟောင်း အင်တာမီလန် အသင်းဆီလည်း ပြန်လည် ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း အတိအလင်း ကြေညာသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေ ကတော့ လူကာကူရဲ့ စကားတွေနဲ့ ပတ်သတ်ပြီး အတော်လေးကို အံ့အားသင့်ခဲ့ရကာ လူကာကူအနေနဲ့ အသင်းမှာ မပျော်ရွှင်ကြောင်းကို သူတို့ထံ တကြိမ်တခါမှ မပြောဖူးသလို ယခုလိုမျိုး အပြောင်းအရွှေ့ ကိစ္စရပ်တွေကို အင်တာဗျူးမှာ လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့မှု အတွက် အတော်လေး စိတ်ဆိုး ဒေါသထွက်နေကြကြောင်း သိရပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ်နဲ့ တာဝန်ရှိသူ တချို့ဟာ လူကာကူရဲ့ အင်တာဗျူးနဲ့ ပတ်သတ်ပြီး အတော်လေးကို စိတ်ဆိုး ဒေါသထွက်နေကြကာ အင်တာဗျူးကို ကိုယ်တိုင် စီစဉ်ကာ သူ ပြောချင်တဲ့ စကားများကို ပြောခဲ့တဲ့ လူကာကူကို ကြီးလေးတဲ့ ပြစ်ဒဏ်၂ရပ် ချမှတ်ဖို့ စဉ်းစားနေပြီး ပထမပြစ်ဒဏ်က လူကာကူကို အသင်းရဲ့ လူစာရင်း ကနေ ထုတ်ပယ်ဖို့ ဖြစ်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေကလည်း တူဟယ်အနေနဲ့ လူကာကူကို ပြစ်ဒဏ်တွေ ချမှတ်ဖို့ စီစဉ်နေကြောင်း အတည်ပြုပေးထားပြီး တူဟယ်ဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာလည်း လူကာကူကို အသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ဖို့ ရှိနေကြောင်းနဲ့ လူကာကူကို မြင့်မားတဲ့ ဒဏ်ငွေတရပ် ပေးဆောင်ခိုင်းဖို့ ရှိသေးကြောင်း သတင်းဌာနတွေကို ပြောကြားထားကြပါတယ်။