ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ် ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ သူ့ရဲ့ နည်းစနစ်တွေကို သဘောမကျကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့တဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် တိုက်စစ်မှူး လူကာကူ တဦးထဲ အတွက် အသင်းရဲ့ ကစားပုံကို မပြောင်းလဲပေးနိုင်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Standard

လူကာကူဟာ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိကာစမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သလို ပထမဦးဆုံး ကစားခွင့် ရတဲ့ ၃ပွဲမှာပဲ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကနဦးမှာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ်က လူကာကူကို အဓိက ထားပြီး အသင်းရဲ့ ကစားပုံကို ပြင်ဆင်ခဲ့ပေမယ့် လူကာကူ ခြေစွမ်း ကျဆင်းလာပြီးနောက် ယခင်ကလိုပဲ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ မေဆန်မောင့်နဲ့ ကိုင်ဟားဗက်တို့ကို တည်ပြီး ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Standard

ဒီအချက်ကြောင့်ပဲ လူကာကူက ပြီးခဲ့တဲ့ တပတ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တူဟယ်ရဲ့ ကစားပုံ အပြောင်းအလဲကြောင့် သူ့အနေနဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့တာ ဖြစ်ပြီး တူဟယ်ကတော့ လူကာကူရဲ့ စိတ်ကြိုက် ကစားပုံ ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ ကစားပုံလိုမျိုး အသင်းရဲ့ ကစားကွက်ကို ပြောင်းလဲဖို့ မရှိကြောင်း စပါးအသင်းနဲ့ ကာရာဘောင်း ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တူဟယ်က – “ကျွန်တော်တို့က ကစားသမား တဦးချင်းစီ ခြေစွမ်းပြနိုင်ဖို့ စီမံထားတာ ရှိသလို အသင်း တသင်းလုံး လိုက်လျောညီထွေ ဖြစ်မယ့် ကစားပုံနဲ့ ကစားကွက်ကိုလည်း ပြင်ဆင်ထားပါတယ်။ ကျွန်တော် ကတော့ လူကာကူဟာ စိတ်မရှည်ဘူးလို့ ခံစားနေရပါတယ်။ သူက ကစားကွက်မှာ ဒီထက်ပိုပြီး ပါဝင်ချင်တယ်။ ပြီးတော့ အခွင့်အရေးတွေလည်း ဒီထက်ပိုပြီး ရချင်နေပါတယ်။ သူ့ကို ကြည့်ရတာ မြက်ပင်တွေကို ရိတ်ပြီး ပြန်ရှည်လာတဲ့ အထိ မစောင့်ဆိုင်းနိုင်တဲ့ လူတယောက်လိုပါပဲ။ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ရပြီ ဆိုရင် စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ အသင်းသစ် တသင်းဆီ ရောက်ရင် အဲ့ဒီအသင်းရဲ့ ကစားပုံနဲ့ အံဝင်ဖို့ ၊ အဲ့ဒီလိဂ်ရဲ့ ကစားဟန်နဲ့ အံဝင်ဖို့ အချိန်တွေ လိုပါတယ်။ လူကာကူအတွက်လည်း ဒီလိုပါပဲ။ ကျွန်တော်တို့ ကတော့ အင်တာမီလန် အသင်းလိုမျိုး ကစားဖို့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကစားဟန်နဲ့ အတူ လူကာကူရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ယူနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့တာပါ။