ချယ်လ်ဆီး အသင်းရဲ့ တိုက်စစ်ကစားသမား ဖြစ်သူ တီမို ဝါနာ ဟာ ချယ်လ်ဆီးအသင်းမှာ တာထွက် မကောင်းခဲ့ပေမယ့်လည်း နည်းပြသစ်ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ဝါနာအနေနဲ့ မကြာခင်မှာ ခြေစွမ်းပြ နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ တူချယ် အနေနဲ့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တီမိုဝါနာကို မိမိကိုယ်ကို ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်အောင်လည်း ကူညီပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ တီမို ဝါနာ ဟာ ချယ်လ်ဆီး အသင်းကို ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇစ် အသင်းကနေ မျှော်လင့်ချက် ကြီးကြီးမားမား နဲ့ ရောက်လာတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ် ရဲ့ လက်အောက်မှာ ထင်သလောက် မလုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

ဂျာမန် လက်ရွေးစင် ကစားသမားဖြစ်သူ တီမို ဝါနာ ဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ၂၈ ပွဲပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၉ ဂိုးသာ သွင်းယူထားနိုင်ကာ ထိုအထဲကမှ ၄ ဂိုးကိုတော့ ပရီးမီးယားလိဂ်မှာ သွင်းယူထားတာ ဖြစ်ပါတယ်။ ဝါနာ အနေနဲ့ ဂိုးပေါက် ပျောက်ဆုံးနေတာဟာ နိုဝင်ဘာလ နောက်ပိုင်း ကတည်းက ဖြစ်ပြီးတော့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ နည်းပြသစ် တူချယ်ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဝုလ်ဗ် အသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင် ကစားသမားအဖြစ်နဲ့တောင် ပွဲထွက်ခွင့် မရခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ဝါနာ အနေနဲ့ နည်းပြဟောင်း ဖြစ်သူ လမ်းပတ် ရဲ့ နောက်ဆုံး ကိုင်တွယ်ရတဲ့ ပွဲစဉ်ဖြစ်တဲ့ လူတန်တောင်း နဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာလည်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

 

နည်းပြတူချယ် အနေနဲ့ သူ့ရဲ့ တစ်နိုင်ငံတည်းသားဖြစ်သူ ဝါနာ ကို ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ ဝုလ်ဗ်နဲ့ ပွဲစဉ်မှာ အသုံးမပြုခဲ့ပေမယ့်လည်း ဝါနာ အနေနဲ့ အကောင်းဆုံး ပုံစံကို ရနိုင်လိမ့်မယ်လို့ အကောင်းမြင်နေပါတယ်။ “ ကျွန်တော် သူ့ကို ဗုဒ္ဓဟူးနေ့က ဘာလို့ မသုံးခဲ့ရတာလဲဆိုတော့ ကျွန်တော် သူ့မျက်နှာကို အနီးကပ်ကြည့်လိုက်တဲ့ အချိန်မှာ ဖိအားတွေ သူ့ကိုယ်ပေါ်မှာ ရှိနေတယ်ဆိုတာ မြင်လိုက်ရပါတယ်။ သူက အရမ်း ဂရုစိုက်နေပြီးတော့ အဲ့ဒါကပဲ သူဟာ စိတ်ကူးယဉ်ဆန်တဲ့ ကစားသမား တစ်ယောက်ဖြစ်တယ်လို့ ညွှန်းနေပါတယ်။ တိုက်စစ် ကစားသမား တစ်ယောက်အနေနဲ့ တစ်ခါတစ်ရံမှာ ခင်ဗျား အနေနဲ့ အတော်လေး ဂရုစိုက်နေရင် အဲ့ဒါက အကူအညီ မဖြစ်စေတော့ပါဘူး။ တစ်ခါတစ်ရံမှာ လုံးဝ ဂရုမစိုက်လိုက်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် သူက အဲ့ဒီလို လူစားမျိုး ဟုတ်မနေပါဘူး။ သူက ဂရုစိုက်နေပြီးတော့ မကြာသေးခင်က အရာတွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ မပျော်နိုင်ဖြစ်နေပါတယ်။ အခုချိန်မှာတော့ သူ့ကိုယ်သူ ယုံကြည်မှု ပြန်လည် တည်ဆောက်ပြီးတော့ သူ့မျက်နှာပေါ်မှာ အပြုံးတွေ ပြန်ရှာဖွေဖို့နဲ့ သံသယ အရမ်းဝင်လွန်းတာကို ရပ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒီအရာနဲ့ ပတ်သက်ပြီး သူ့ကို ကူညီဖို့ နဲ့ သူ့ရဲ့ ခွန်အားတွေကို ဘယ်နေရာမှာ အသုံးချသင့်လဲဆိုတာ ကိုရှာဖွေ ပေးဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ ” လို့ ပြောဆိုသွားခဲ့ပါတယ်။