ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်၂၃မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ သရေရလဒ်သာ ရခဲ့တာဟာ သူတို့အသင်းက ပင်ပန်းနွမ်းနယ်နေလို့ ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်၂၃အဖြစ် ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ တောင်ပံကစားသမား ဇီရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး တဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေတမှတ်သာ ရရှိခဲ့ပါတယ်။

Photo Credit: Mirror

ဘရိုက်တန်နဲ့ ပွဲစဉ်မှာ သရေရလဒ်သာ ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ ၁ပွဲနိုင် ၃ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုး တခုကို ရခဲ့သလို ချန်ပီယံဖြစ်ရေး အိမ်မက်ကလည်း အတော်လေး မှေးမှိန်သွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ်ကတော့ သူတို့အသင်းအနေနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတာက ပွဲဆက်များလွန်းမှုကြောင့် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပြီး လုံလောက်တဲ့ အနားယူမှု တခု ယူပြီးရင် သူတို့အသင်းရဲ့ ခြေစွမ်းကောင်းကို ပြန်လည် မြင်တွေ့ရနိုင်ကြောင်း ဆိုခဲ့ပါတယ်။

Photo Credit: Mirror

တူဟယ်က – “ကျွန်တော်တို့အသင်းက မောပန်းနွမ်းနယ်နေတဲ့ ပုံစံမျိုး ဖြစ်နေသလို တကယ်တမ်းမှာလည်း ကျွန်တော်တို့ အားလုံး ပင်ပန်းနေကြပါပြီ။ ဘရိုက်တန်အသင်းက ကျွန်တော်တို့နဲ့ ရင်ဆိုင် ကစားဖို့ အတွက် အစွမ်းကုန် ပြင်ဆင်ထားမယ် ဆိုတာ သိထားပြီးသားပါ။ သူတို့က ဒီပွဲအတွက် ကျွန်တော်တို့ထက် ပြင်ဆင်ချိန် ပိုရခဲ့ကြပါတယ်။ ကျွန်တော်တို့က ရလဒ်ဆိုးတွေကို ချေဖျက်နိုင်ဖို့ အတွက် အားပြည့်အင်ပြည့် ဖြစ်နေဖို့ လိုပါတယ်။ အခုချိန်မှာတော့ ရလဒ်ဆိုးတွေကြောင့် အသင်းသားတွေကို အပြစ်တင်နေလို့ မရပါဘူး။ ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ အခုချိန်မှာ ကျွန်တော်တို့တွေ အနားယူဖို့ လိုနေပါပြီ။ အနားယူတာထက် ပိုကောင်းတဲ့ ဖြေရှင်းနည်းလည်း မရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။