ချယ်လ်ဆီးအသင်းရဲ့နည်းြ့ပ သောမတ်စ်တူဟယ်လ်က အသင်းရဲ့တိုက်စစ်ပိုင်းမှာ ပါဝင်ကစားနေကြတဲ့ တိုက်စစ်ကစားသမားတွေအနေနဲ့ ဒီနှစ်ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေအတွင်းမှာ တိုက်စစ်စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ အရေးတကြီး လိုအပ်နေပြီး တကယ်လို့ စွမ်းရည်ကောင်းတွေ မပြသနိုင်ဘူးဆိုရင်တော့ လာမယ့်စျေးကွက်အတွင်းမှာ တိုက်စစ်ပိုင်းအတွက် အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဆောင်ရမှာဖြစ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Football365

ချယ်လ်ဆီးနည်းပြ တူဟယ်လ်ဟာ ဒီနောက်ပိုင်းပွဲစဉ်တွေအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဂျာမန်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်းလ်ဟားဗက်ဇ်တို့ကို ပိုမိုနေရာပေးနေပေမယ့် ဝါနာက သူနောက်ဆုံးပါဝင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း(၂၀)မှာ သွင်းဂိုးက(၁)ဂိုးသာ ရထားခဲ့သလို ဟားဗက်ဇ်ကလည်း စက်တင်ဘာလနောက်ပိုင်းကတည်းက အသင်းအတွက် လိဂ်သွင်းဂိုး မသွင်းယူနိုင်သေးပဲ ရှိနေပါတယ်။ ဒါကြောင့် အသင်းရဲ့တိုက်စစ်ကစားသမားတွေအနေနဲ့ လက်ကျန်ပွဲစဉ်တွေအတွင်းမှာ တိုက်စစ်စွမ်းရည် ပြသနိုင်ဖို့က အရေးကြီးတယ်လို့ နည်းပြတူဟယ်လ်က သတိပေးပြောဆိုလာရပါတယ်။

Photo Credit : Football365

တူဟယ်လ်က “နောက်လာမယ့် (၈)ပတ်ခန့်လောက်အတွင်းမှာ ကျွန်တော်တို့အသင်းအနေနဲ့ သွင်းဂိုးစွမ်းရည်တွေ တိုးတတ်လာအောင် ဘယ်လိုပုံစံနဲ့ လုပ်ဆောင်ရမလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ တကယ်လို့ မတိုးတတ်လာခဲ့ဘူးဆိုရင်တော့ လာမယ့်နွေမှာ အနာဂတ်အတွက် စဉ်းစားရပါတော့မယ်။ ဒါကြောင့် ဘယ်လိုဖြေရှင်းမှုက အသင်းအတွက် အကောင်းဆုံးဖြေရှင်းမှု ဖြစ်လာနိုင်မလဲဆိုတာကို အတူတကွ စဉ်းစားအဖြေရှာရပါတော့မယ်။ လက်ရှိလူစာရင်းနဲ့ ဆက်ရှိနေခြင်းက အကောင်းဆုံးဖြေရှင်းချက် ဖြစ်မလား။ အပြောင်းအလဲ လုပ်ဆောင်ခြင်းကမှ အဖြေဖြစ်လာနိုင်မလား။ ဒါတွေကတော့ လာမယ့်ဇွန်လမှာ ထုတ်ရတော့မယ့် မေးခွန်းတွေပါပဲ။ အခုက ဧပြီလမှာပဲ ရှိနေသေးပါတယ်။ လူတိုင်းက အချက်အလက်တွေကို ဖတ်ရှုတဲ့အခါမှာ ဒီကစားသမားတွေက သွင်းဂိုးတွေ ကျဆင်းနေတယ်ဆိုတာရော သူတို့ဂိုးမသွင်းနိုင်တဲ့အခါမှာလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေပါ ကျဆင်းသွားတယ်ဆိုတာကိုပါ သိသိသာသာ မြင်တွေ့လာရပါတယ်။ တောင်းဆိုမှုတွေက မြင့်မားကောင်း မြင့်မားနိုင်နေပေမယ့် သူတို့တွေအအနေနဲ့ ဒါကို လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကလည်း သူတို့အတွက် အကောင်းဆုံးတွန်းအားတွေ ပေးသွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။