MySport Myanmar

အင်္ဂလန် နည်းပြရာထူးကို ရယူသွားချင်နေတဲ့ သောမတ်စ် တူဟယ်လ်

ချယ်လ်ဆီး ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ သောမတ်စ် တူဟယ်လ်က နည်းပြလစ်လပ်သွားပြီဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကို ရယူသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း စပိန်အသင်းကို ရှုံးနိမ့်ခဲ့ရတာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒီရလဒ်ကြောင့်ပဲ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာလည်း အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit : Goal

နည်းပြ ဆောက်ဂိတ်ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ အင်္ဂလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ယူရိုဖိုင်နယ်ပွဲ ရလဒ်က ဘယ်လိုပဲ ထွက်ပေါ်ပေါ် နည်းပြဆောက်ဂိတ်ကိုပဲ အသင်းနည်းပြအဖြစ် ဆက်လက် တာဝန်ပေးချင်နေပေမယ့်လည်း ဆောက်ဂိတ်ကတော့ အင်္ဂလန် နည်းပြရာထူးကနေ စွန့်ခွာဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက တာဝန်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်းမှာတော့ ယူရို-၂၀၂၀နဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ (၂)ခုမှာ ဗိုလ်လုပွဲအဆင့်တွေအထိ ရောက်ရှိခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တတိယနေရာ ရရှိခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အင်္ဂလန်ကတော့ လစ်လပ်သွားတဲ့ အသင်းနည်းပြနေရာမှာ နယူးကာဆယ်နည်းပြ အက်ဒီဟောင်း ၊ ချယ်လ်ဆီးနည်းပြဟောင်းတွေဖြစ်တဲ့ ပိုချက်တီနို နဲ့ ဂရေဟမ် ပေါ်တာတို့အပြင် လက်ရှိ အင်္ဂလန် ယူ-၂၁နည်းပြ လီ ကာစလေတို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဘိုင်ယန်မြူးနစ်နဲ့ လက်တွဲဖြုတ်ထားတဲ့ နည်းပြတူဟယ်လ်ကလည်း အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားလို့နေပါတယ်။

ချယ်လ်ဆီး နည်းပြဟောင်း တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်မှာပဲ ဘိုင်ယန်အသင်းနဲ့ လက်ခွဲခဲ့ပြီး ပရီးမီးယားလိဂ်ဆီ ပြန်လာချင်နေသလို လက်ရှိမှာလည်း အင်္ဂလန်နည်းပြရာထူးကိုပါ ရယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။ ဒါကြောင့် ဒေါ့မွန် ပီအက်စ်ဂျီ ချယ်လ်ဆီး ဘိုင်ယန်တို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေကိုသာ ကိုင်တွယ်ဖူးတဲ့ တူဟယ်လ်အနေနဲ့ အင်္ဂလန်လို နိုင်ငံအသင်းတစ်သင်းကို သေချာ ကိုင်တွယ်သွားနိုင်မလား ဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်နေရပါတယ်။

Exit mobile version