ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲဖို့ သဘောတူညီမှု ရရှိထားတဲ့ ဂျာမန်နည်းပြ သောမတ်စ် တူဟယ်လ်က ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲပြီးရင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြရာထူးကို ရယူချင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Zoneက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၅၀ အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ သောမတ်စ် တူဟယ်လ်က သူ့ရဲ့ နည်းပြဘဝမှာ ဒေါ့မွန် ၊ ပီအက်စ်ဂျီ ၊ ချယ်လ်ဆီး စတဲ့ ဥရောပ နာမည်ကြီးကလပ်တွေကို ကိုင်တွယ်ခဲ့သလို သူက ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူခဲ့သူပါ။

Photo Credit: Mirror

သောမတ်စ် တူဟယ်လ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ပြိုင်ပွဲကလွဲရင် ကျန်တဲ့ ပြိုင်ပွဲ ၃ခုစလုံးမှာ ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ရာသီကုန်ချိန်မှာ တူဟယ်လ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က နယ်သာလန်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ပိုင်ဆိုင်ထားသလို တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ၂ရာသီအတွင်း ဗိုလ်လုပွဲ ၃ပွဲ အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက နည်းပြအပြောင်းအလဲ လုပ်ဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Zoneရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က သောမတ်စ် တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေသလို သောမတ်စ် တူဟယ်လ်ကလည်း ယူနိုက်တက်ရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားနေပြီး တူဟယ်လ်က သူ့ရဲ့အေးဂျင့်ထံ သူဟာ ယူနိုက်တက်ကို ကိုင်တွယ်ချင်ကြောင်း အသိပေးထားတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်မလား ၊ ဆက်ခန့်ထားမလား ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပဲ အကယ်၍ တန်ဟက်ဂ်က ယူနိုက်တက် အတွက် အက်ဖ်အေဖလားကို ရအောင် ယူပေးနိုင်မယ် ဆိုရင် ယူနိုက်တက်ရဲ့ နည်းပြရာထူးမှာ ဆက်ရှိနေဖို့ အလားအလာ များပါတယ်။