မကြာသေးမီကမှ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံထားရတဲ့ ဂျာမဏီလူမျိုး နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်က အင်္ဂလန်အသင်းရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ သောမတ်စ် တူဟယ်လ်က ဥရောပ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ ဒေါ့မွန်နဲ့ ချယ်လ်ဆီးတို့ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အသင်းသုံးသင်းစလုံးနဲ့ များပြားလှတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူပါ။

Photo Credit: The Sun

တူဟယ်လ်က ဒေါ့မွန်ကို ကိုင်တွယ်ခဲ့စဉ်မှာ ဂျာမန်ပိုကယ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို ပီအက်စ်ဂျီကို ကိုင်တွယ်ခဲ့တုန်းကလည်း ပြင်သစ် စူပါဖလား ၂ကြိမ် ၊ ပြင်သစ်လိဂ်ဖလား ၁ကြိမ်နဲ့ ပြင်သစ် လီဂူးဝမ်း ၂ကြိမ်တို့ကို ရယူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တူဟယ်လ်က ချယ်လ်ဆီးကို ရောက်ရှိချိန်မှာတော့ သူ့ဘဝရဲ့ အအောင်မြင်ဆုံး အခိုက်အတန့်ကို ပိုင်ဆိုင်ခဲ့ပြီး တူဟယ်လ်က ချယ်လ်ဆီးနဲ့အတူ ဥရောပ ချန်ပီယံလိဂ် ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ တူဟယ်လ်က ချယ်လ်ဆီးကနေ ထွက်ခွာလာရပြီးနောက် နောက်ထပ် ကလပ်အသင်း တသင်းအား ကိုင်တွယ်ဖို့ထက် နိုင်ငံအသင်း တသင်းကို ကိုင်တွယ်ချင်နေပြီး ဂျာမဏီအသင်းမှာ ဟန်ဆီ ဖလစ် ရှိနေတာကြောင့် သူနဲ့ မစိမ်းလှတဲ့ အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဂျာမဏီ သတင်းထောက် ခရစ်ရှန် ဖော့ခ်က ဆိုပါတယ်။

အင်္ဂလန်အခြေစိုက် နာမည်ကြီးသတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း တူဟယ်လ်ဟာ အင်္ဂလန်အသင်းကို ကိုင်တွယ်ချင်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို အကယ်၍ အင်္ဂလန်ကသာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ မရခဲ့ရင် တူဟယ်လ်ဟာ အင်္ဂလန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ကြောင်း သိရပါတယ်။