ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ အန်ဒရေယပ်စ်ခရစ္စတန်ဆန်အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ကာ သူ့ကို အလိုရှိနေတဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတဲ့အပေါ် အံ့အားသင့်စရာ ရှိမနေဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ ဒိနး်မတ်လက်ရွေးစင် ဗဟိုနောက်ခံလူ ခရစ္စတန်ဆန်ဟာ ၂၀၁၂ခုနှစ်မှာပဲ ချယ်လ်ဆီးလူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး အခုလက်ရှိအချိန်မှာတော့ အသင်းအတွက် ပွဲပေါင်း (၁၅၃)ပွဲအထိ ပါဝင်ကစားပေးထားနိုင်သလို ဒီနှစ်ဘောလုံးရာသီမှာလည်း ချယ်လ်ဆီးအတွက် (၂၆)ပွဲအထိကို ပါဝင်ထားခဲ့ရပါတယ်။ နောက်ပိုင်းနှစ်တွေအတွင်း အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့တဲ့ ခရစ္စတန်ဆန်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်လို့ ချယ်လ်ဆီးဘက်က သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဘာစီလိုနာအသင်းဘက်က ခရစ္စတန်ဆန်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့ရာ အခုဆိုရင် အကြိုသဘောတူညီပါ ရရှိထားပြီ ဖြစ်ပါတယ်။

Photo Credit : FotMob

 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “ကျွန်တော် မအံ့သြမိပါဘူး။ အကြောင်းပြချက်တွေကိုလည်း ကျွန်တော် သိတယ်။ ဒါက အသင့်ဆုံးအရာတော့ ဟုတ်မနေဘူး။ အရင်တုန်းက သူ အရမ်းပါဝင် မကစားခဲ့ရဘူးဆိုတော့ သူ့မှာ သူ့အတွက် အခန်းကဏ္ဍာက မရှိနေဘူး။ နောက်ပိုင်းမှာတော့ သူကစားခွင့်တွေ ရလာတယ်။ သူက ရုတ်တရက် အရေးကြီးလာခဲ့သူ ဖြစ်လာခဲ့ပြီးတော့ ရုတ်တရက် စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် အခွင့်အရေးပါ ရှိလာခဲ့တဲ့အတွက် အခု အဲ့ဒီအခြေအနေကနေ အကျိုးအမြတ် ရယူနေတာ။ ဒါကို ကလပ်အသင်း တစ်သင်းအနေနဲ့ သဘောကျပါသလားဆိုရင် မကျပါဘူ။ ဒါပေမယ့် သူနဲ့ ကျွန်တော်တို့ စာချုပ်ချုပ်ထားတာဖြစ်လို့ ကျွန်တော်တို့ဘက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူ့မှာ လုပ်ပိုင်ခွင့် ရှိနေပါတယ်။ အန်ဒရီယာ့စ်အတွက် ကျွန်တော်တို့ဘက်က မယုံနိုင်လောက်အောင် ကမ်းလှမ်းမှုတွေ အများကြီး ပြုလုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအသင်းဆိုတာကလည်း သူ လူငယ်အကယ်ဒမီကနေ ကျော်ဖြတ်ပြီး ရောက်လာရတဲ့ အသင်းဖြစ်သလို သူ လက်ရှိ ရောက်ရှိနေတဲ့ အသင်းအပေါ်မှာလည်း တန်ဖိုးထားပေးဖို့ အများကြီး ရှိနေတယ်လို့ ကျွန်တော်ထင်တယ်။ အခု သူက ဒီအသင်းရဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ အရေးကြီးတဲ့ အခိုက်အတန့်မျိုး ဖြစ်နေလို့ ကျွန်တော်တို့က ကမ်းလှမ်းမှုတွေ အများကြီး ပြုလုပ်ခဲ့တာ။ ဒါပေမယ့် ဒါက ကျွန်တော့်ဆုံးဖြတ်ချက် မဟုတ်သလို ကျွန်တော်က ကစားသမားအေးဂျင့်လည်း မဟုတ်ပါဘူး” လုုိ့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။