ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဇင်းနစ်အသင်းနဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ ပေးဂိုး ၆ဂိုး အထိ ခွင့်ပြုခဲ့ရတဲ့ အသင်းရဲ့ ခံစစ်ကြောင်း အတွက် မပျော်မရွှင် ဖြစ်နေကြောင်း ဇင်းနစ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဇင်းနစ်အသင်းကို အနိုင်ရရှိခဲ့ရင် အုပ်စုပထမနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် နောက်ဆုံးမိနစ် ချေပဂိုးကြောင့် သရေတမှတ်သာ ရရှိခဲ့ကာ အုပ်စုဒုတိယနေရာနဲ့ပဲ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Sports Max

ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ၁၆သင်းအဆင့်မှာပဲ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ အေဂျက် စတဲ့ အသင်းတွေနဲ့ ထိပ်တိုက် တွေ့ဆုံဖို့ အခွင့်အလမ်း များပြားနေပြီး ကံကောင်းမှသာ လိုင်လီအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ်ကလည်း ဇင်းနစ်အသင်းနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုးတွေ ၂ကြိမ်တိုင်တိုင် ရရှိခဲ့ပြီးမှ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ရတဲ့ အပေါ် ကျေနပ်မှု မရှိပဲ အသင်းရဲ့ ခံစစ်ကြောင်း လျော့ရဲနေမှုဟာ အသင်းသား အားလုံးနဲ့ သက်ဆိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Max

တူချယ်လ်က – “ချယ်လ်ဆီးအသင်းရဲ့ နည်းပြတယောက် အနေနဲ့ အသင်းက နောက်ဆုံး ၂ပွဲမှာ ၆ဂိုး အထိ ခွင့်ပြုခဲ့ရသလို အဲ့ဒီ ၆ဂိုးထဲက ၄ဂိုးဟာ ချေပဂိုးတွေ ဖြစ်နေတဲ့ အပေါ် ဘယ်လိုမှ မကျေနပ်နိုင်ပါဘူး။ ဒါကြောင့် ခံစစ်ကြောင်း လျော့ရဲနေမှုက တဦးချင်း အမှားတွေကြောင့် မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒီနေ့ပွဲရယ် ဝက်စ်ဟမ်းနဲ့ပွဲရယ်က ကစားပုံတွေ အတွက် ကျွန်တော်တို့ မပျော်နိုင်ပါဘူး။ နှစ်ပွဲဆက် ဖြစ်လာခဲ့တဲ့ အခြေအနေတွေကြောင့် ဒီအချိန်မှာ တဦးချင်း အမှားတွေ အကြောင်းကို ပြောလို့ မရတော့ပါဘူး။ အဲ့ဒီလို လုပ်ခဲ့ရင်လည်း ဘယ်သူကမှ ပျော်ရွှင်နိုင်မယ်လို့ မထင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။