MySport Myanmar

တပည့်ဟောင်း ကင်ပမ်ဘီကို ခေါ်ယူဖို့ သူကိုယ်တိုင် ဦးဆောင် လှုပ်ရှားနေတဲ့ တူဟယ်လ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်က သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သူ ကင်ပမ်ဘီကို အသင်းထံ ခေါ်ယူနိုင်ဖို့ သူ ကိုယ်တိုင် ဦးဆောင် လှုပ်ရှားနေကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် ဗဟိုခံစစ်မှူး ကင်ပမ်ဘီက ပီအက်စ်ဂျီရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို တူဟယ်လ် တယောက် ပီအက်စ်ဂျီကို ကိုင်တွယ်ခဲ့စဉ်မှာ အသင်းရဲ့ အဓိက ခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ပီအက်စ်ဂျီရဲ့ အရောင်းစာရင်းထဲ ပါဝင်နေသူပါ။

Photo Credit: Football London

ကင်ပမ်ဘီက ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ပီအက်စ်ဂျီရဲ့ နည်းပြသစ် ဂယ်လ်တီယာနဲ့ အားကစားဒါရိုက် အသစ် ကန်ပို့စ်တို့က သူ့ရဲ့ ခြေစွမ်းနဲ့ ကစားပုံကို သဘောမကျတာကြောင့် အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ထားကြပြီး ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ်ကတော့ သူနဲ့ အတွဲညီခဲ့ဖူးတဲ့ ကင်ပမ်ဘီကို ချယ်လ်ဆီးထံ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အဓိက ခံစစ်မှူးတွေ ဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို ဆုံးရှုံးခဲ့ရသလို အသင်းရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားကလည်း အသက်အရွယ် ရလာတာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းကို ကြီးမားတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ ချယ်လ်ဆီးက မန်ချက်စတာ စီးတီး ခံစစ်မှူး နသန် အကီနဲ့ နာပိုလီ ခံစစ်မှူး ကူလီဘလီတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: Football London

ဒါပေမယ့် တူဟယ်လ်ကတော့ အသင်းရဲ့ ခံစစ်ကြောင်း အတွက် ထိပ်တန်းအဆင့် ဗဟိုခံစစ်မှူး တဦးကို ထပ်မံ ခေါ်ယူလိုနေတာကြောင့် ကင်ပမ်ဘီကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး တူဟယ်လ်က ကင်ပမ်ဘီကို ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာအောင် သူကိုယ်တိုင် စည်းရုံးမှုတွေ ပြုလုပ်ခဲ့သလို ကင်ပမ်ဘီကလည်း သူ့ရဲ့ ဆရာဟောင်း တူဟယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေပါတယ်။

နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ကူလီဘလီနဲ့ အကီတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကင်ပမ်ဘီကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေကာ ပီအက်စ်ဂျီက ကင်ပမ်ဘီအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း တောင်းဆိုဖွယ် ရှိနေကြောင်း သိရပါတယ်။

Exit mobile version