MySport Myanmar

တပည့်ဟောင်း ချာလိုဘက်ကို ဘိုင်ယန်ဆီ ခေါ်ယူဖို့ ကြိုးစားနေတဲ့ တူဟယ်လ်

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ချယ်လ်ဆီးခံစစ်မှူး ချာလိုဘက်ကို ဘိုင်ယန်မြူးနစ်ဆီ ယခု နွေဈေးကွက်အတွင်းမှာပဲ ခေါ်ယူဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ခံစစ်မှူး တဦး ဖြစ်သူ ပါဗတ်ကို အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ဆီ ရောင်းချဖို့ သဘောတူခဲ့ပြီးနောက် ပါဗတ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ခံစစ်မှူး တဦးကို အပူတပြင်း လိုက်ရှာနေပြီး တူဟယ်လ်ရဲ့ စိတ်ကြိုက် ကစားသမားကတော့ ချာလိုဘက်ပဲ ဖြစ်ပါတယ်။

Photo Credit: Talksports

အသက် ၂၄နှစ် အရွယ် အင်္ဂလန်ခံစစ်မှူး ချာလိုဘက်က ဗဟိုခံစစ် ၊ ကွင်းလယ်ခံစစ်နဲ့ ညာနောက်ခံလူ အဖြစ် ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ချာလိုဘက်ဟာ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပေမယ့် ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ သူ့ကို အရန် ကစားသမား အဖြစ်သာ သတ်မှတ်ထားပါတယ်။

ဒါကြောင့်ပဲ ချာလိုဘက်က ယခု နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးကို စွန့်ခွာဖို့ စဉ်းစားနေသလို ချယ်လ်ဆီးကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ချာလိုဘက်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က တူဟယ်လ်ရဲ့ တောင်းဆိုချက်အရ ချာလိုဘက်ကို ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဘိုင်ယန်မြူးနစ်ဟာ ချာလိုဘက်ကို အငှားနဲ့ ခေါ်ယူဖို့ ဦးစွာ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးက ဘိုင်ယန်မြူးနစ်ရဲ့ အငှားကမ်းလှမ်းချက်ကို ချက်ချင်း ပယ်ချခဲ့ကာ အပြီးသတ်သာ ရောင်းချဖို့ စိတ်ကူးရှိတယ်လို့ ပြန်လည် တုံ့ပြန်ထားကြောင်း သိရပါတယ်။

ချယ်လ်ဆီးက ချာလိုဘက်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စဉ်းစားထားပြီး ဘိုင်ယန်မြူးနစ်ကတော့ ချာလိုဘက်ကို တရာသီအငှား + ရာသီကုန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကတိမျိုးနဲ့ ထပ်မံ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Exit mobile version