လက်ရှိ ဥရောပ ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ် တူချယ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဇင်းနစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး လူကာကူကို ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်အသင်း ကနေ အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာသူပဲ ဖြစ်ပါတယ်။

Photo Credit: Bein Sports

လူကာကူဟာ ပထမတကြိမ် ချယ်လ်ဆီးအသင်းထံ ရောက်ရှိလာစဉ်က လူငယ် တိုက်စစ်မှူးတဦး အနေနဲ့သာ ဖြစ်ပေမယ့် ယခုတကြိမ်မှာတော့ ထိပ်တန်း ဂိုးသွင်းစက် တလုံးအနေနဲ့ ပြန်ရောက်လာတာ ဖြစ်ပြီး အသင်းအတွက် ၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

ချယ်လ်ဆီးအသင်းက ဇင်းနစ်အသင်းကို တဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း လူကာကူဟာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲကစားချိန် ၆၉မိနစ်မှာ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာရဲ့ လှပတဲ့ ဖြတ်တင်ဘောကနေ တဆင့် ခေါင်းတိုက်ကာ သွင်းယူပေးခဲ့တာပါ။

Photo Credit: Bein Sports

လက်ရှိမှာတော့ ချယ်လ်ဆီးနည်းပြ တူချယ်က အသင်းအတွက် ပါဝင် ကစားပေးတဲ့ ပွဲတိုင်းနီးပါး သွင်းဂိုးတွေ သွင်းယူကာ ခြေစွမ်းပြထားတဲ့ လူကာကူကို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတဦး ဖြစ်ကြောင်း ချီးကျူးလိုက်ပြီး အခုလိုမျိုး အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးဖို့ လူကာကူကို အသင်းဆီ ပြန်ခေါ်ခဲ့တာလို့ ခပ်ကြွားကြွား ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တူချယ်က – “တော်တော်လေးကို ကောင်းတဲ့ ခေါင်းတိုက်သွင်းဂိုးပါ။ အက်စ်ပီလီကွီတာရဲ့ ဖြတ်တင်ဘောကလည်း ကွက်တိပါပဲ။ လူကာကူက သွင်းဂိုးတွေ သွင်းယူဖို့ အမြဲတမ်း ရဲရင့်နေတတ်ပြီး ဧရိယာထဲမှာလည်း အဆင်သင့် ရှိနေတတ်ပါတယ်။ ဒါကြောင့်ပဲ လူကာကူကို ကျွန်တော်တို့ ပြန်ခေါ်ခဲ့တာပေါ့။ သူက သွင်းဂိုးတွေ သွင်းရတာ ကြိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်” ဆိုပြီး ချီးကျူးခဲ့တာပါ။