ဘိုင်ယန်မြူးနစ် အသင်းနည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်က ဒီနေ့ည ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်သွားရမယ့် ပြိုင်ဘက်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်း လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေတွေအကြောင်းကို သုံးသပ် ပြောဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုကျော့မှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရင်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ တူဟယ်လ်ဟာ ဒီနေ့ည ယူနိုက်တက်နဲ့ အုပ်စုပွဲကိုပါ ကြီးကြပ်ခွင့်နဲ့ လွဲချော်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : FC Bayern Munich

ဘိုင်ယန် နည်းပြ တူဟယ်လ်က ပွဲကြို သတင်းစား ရှင်းလင်းပွဲအတွင်း ပြိုင်ဘက်အသင်းနဲ့ ပတ်သက်ပြီး “မန်ယူနိုက်တက်က အခြားအသင်းတွေနဲ့ မတူဘူး။ တခြားအသင်းတွေအတွက် ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေက ယူနိုက်တက်အတွက်ဆိုရင်တော့ အရမ်းကြီးမားတာတွေ ဖြစ်နေတတ်တယ်။”

“ယူနိုက်တက်မှာက အမြဲတမ်း ဆူညံသံတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ အင်္ဂလန်က ဘောလုံးဝေဖန်သုံးသပ်သူ တော်တော်များများဟာလည်း သူတို့ရဲ့ ကစားသမားဟောင်းတွေ ဖြစ်နေပါတယ်။”

Photo Credit : Stretty News

“ဆာ အဲလက်စ်ရဲ့ ကြီးမားလွန်းတဲ့ အရှိန်အဝါတွေက အသင်းကို နောက်ပိုင်း ရောက်ရှိလာတဲ့ နည်းပြတွေအတွက် မြင့်မားတဲ့ တောင်းဆိုချက်တွေနဲ့ ကြီးမားတဲ့ ဖိအားတွေ ဖြစ်စေတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း နဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ ဒီနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် အုပ်စု (A) မှာ တူရကီကလပ် ဂါလာတာစာရေးအသင်း ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်လို့နေပါတယ်။