ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)မှာ ဆောက်သမ်တန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်းဟာ ဆောက်သမ်တန်ကို အာရုံစူးစိုက်မှုနဲ့ တည်ငြိမ်မှု အပိုင်းမှာ မယှဉ်နိုင်ခဲ့သလို ဆောက်သမ်တန်က သူတို့အသင်းကို အလွယ်တကူ နိုင်သွားခဲ့တာပါလို့ ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၅)အဖြစ် ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက တိုက်စစ်ကစားသမား စတာလင်းရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာတင် ဆောက်သမ်တန်ဘက်ကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရသလို နောက်ပိုင်းမှာ လိုအပ်နေတဲ့ ချေပဂိုးကို ပြန်လည် ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ဆောက်သမ်တန်ကို အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Sports Illustrated

အဆိုပါပွဲစဉ်မှာ အိမ်ရှင် ဆောက်သမ်တန်က ပွဲစပွဲဆုံး ချယ်လ်ဆီးထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့သလို ဆောက်သမ်တန် ကစားသမားတွေရဲ့ နိုင်လိုစိတ် ပြင်းထန်မှုက ချယ်လ်ဆီး ကစားသမားတွေထက် ပိုမို မြင့်မားနေတာကိုလည်း မြင်တွေ့ခဲ့ရကာ ချယ်လ်ဆီးအနေနဲ့ တဦးချင်းမှာရော ၊ အသင်းလိုက် အနေအထားမှာပါ ဆောက်သမ်တန်ကို ယှဉ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဆောက်သမ်တန်အတွက် ထိုက်တန်တဲ့ နိုင်ပွဲတပွဲလို့ ဆိုနိုင်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ချယ်လ်ဆီးနည်းပြ ဖြစ်သူ တူဟယ်လ်က သူတို့အသင်းမှာ အားနည်းချက်တွေ ရှိနေကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သလို အဆိုပါ အားနည်းချက်တွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Illustrated

တူဟယ်လ်က – “ကျွန်တော်က ဒီအခြေအနေမှာ စိုးရိမ်နေတယ် ဆိုတဲ့ စကားကို သုံးသင့်လား ဆိုတာ မသိပေမယ့် ရှုံးပွဲတွေနဲ့ ကြုံတွေ့ရတာကိုတော့ တကယ် မကြိုက်ပါဘူး။ ကျွန်တော်တို့တွေ ဒီရာသီမှာ ၂ပွဲ ရှုံးသွားပြီ။ ဒါက အရမ်းကို စောပါသေးတယ်။ ပြိုင်ဘက်က ကျွန်တော်တို့ကို အနိုင်ယူနိုင်ဖို့ အများကြီးတောင် မကြိုးစားလိုက်ရပါဘူး။ သူတို့က လွယ်လွယ်လေး နိုင်သွားတာပါ။ ကျွန်တော်က အဲ့ဒီအချက်ကို လုံးဝ မကြိုက်ပါဘူး။ ကျွန်တော်တို့က အဝေးကွင်းပွဲတွေမှာ ရှုံးနိမ့်နိုင်ချေ ရှိတာကို နားလည်ပါတယ်။ ကျွန်တော်တို့က ရှုံးရတာကို မကြိုက်သလို ပွဲတိုင်းကို နိုင်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။