ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြ တူချယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဆိုးလ်ရှားတို့ ကတော့ ယမန်နေ့မှာပဲ ရလဒ်ဆိုးတွေကြောင့် စပါးအသင်း ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နူနိုဆန်တို အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ချန်ပီယံလိဂ်ပွဲစဉ်တွေ အတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ နာမည်ကြီး နည်းပြဖြစ်သူ နူနိုဆန်တိုဟာ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းကို အသင်းကောင်း တသင်း ဖြစ်လာအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာ စပါးအသင်းကို စတင် ကိုင်တွယ်ခွင့် ရရှိခဲ့သူ ဖြစ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲမှာ ၃ပွဲ အထိ ရှုံးနိမ့်ခဲ့သလို ကစားသမားတွေရဲ့ ထောက်ခံမှုကိုလည်း ဆုံးရှုံးခဲ့တာကြောင့် ယမန်နေ့မှာပဲ စပါးအသင်း ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Metro

နူနိုဆန်တိုဟာ စပါးအသင်းကို ၄လသာ ကိုင်တွယ်ခွင့် ရခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ စပါးအသင်းဟာ ၁၇ပွဲ ကစားခဲ့ရာ နိုင်ပွဲ ၈ပွဲ ရခဲ့ကာ သရေ ၂ပွဲ ကျခဲ့ပြီး ၇ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါ ၁၇ပွဲမှာ စပါးအသင်းဟာ ၂၂ဂိုး သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၂၂ဂိုး အထိ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ စပါးအသင်းဟာ ဂျူဗင်တပ် ၊ ချယ်လ်ဆီးနဲ့ အင်တာမီလန်တို့ရဲ့ နည်းပြဟောင်း ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်သွားခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ နည်းပြ တူချယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားတို့ ကတော့ လုပ်ဖော်ကိုင်ဖက် တဦး အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားခဲ့ကြပါတယ်။

Photo Credit: Metro

တူချယ်က – “ ကျွန်တော် ဒီနေ့ပဲ လုပ်ဖော်ကိုင်ဖက် တဦး ရာထူးကနေ ထုတ်ပယ်ခံရတဲ့ သတင်းကို ကြားမိပါတယ်။ (နူနိုဆန်တို ရာထူးကနေ ထုတ်ပယ်ခံရခြင်း) ဒါက သတင်းကောင်းတော့ မဟုတ်ပါဘူး။ ပြီးတော့ ဒီသတင်းကို ကြားရတဲ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ ကျွန်တော်က အခြားအသင်း တသင်းရဲ့ နည်းပြအပြောင်းအလဲ ကိစ္စအပေါ် မှတ်ချက်ပေးလို့ မရပါဘူး” လို့ ပြောကြားခဲ့တာပါ။

ဆိုးလ်ရှားကလည်း – “ လူကောင်းတွေ သူတို့ရဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ သတင်းတွေကို ကြားရတာ မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်က စပါးအသင်းရဲ့ အခြေအနေကို ကောင်းကောင်း မသိတဲ့ အတွက် ဒီသတင်းနဲ့ ပတ်သတ်ပြီး မှတ်ချက် မပေးချင်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက် တဦး အလုပ်ပြုတ်သွားတဲ့ အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။