ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် သောမတ်စ် တူဟယ်လ်က ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ အဖြစ် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ ဧည့်ခံ ကစားခဲ့ရာ ၂-၂ ဆိုတဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်မယ်လို့ ပွဲပြီးအင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ယနေ့မနက် ၁နာရီခွဲမှာ ဂျာမဏီမြေပေါ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ကစားခဲ့တာကြောင့် ပွဲကလည်း အတော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Goal

တူဟယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်က အိမ်ရှင်ပီပီ အိမ်ကွင်းမှာ နိုင်ပွဲ ရအောင် အစွမ်းကုန် ကြိုးစားခဲ့သလို အန်ဆလော့တီ ဦးဆောင်လာတဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကြောင်းကို နောကျေနေတဲ့ အသင်းပီပီ အဝေးကွင်းမှာ အနိုင်ရရေးထက် မရှုံးနိမ့်ရေးကိုသာ ဦးတည် ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ မကွာခြားခဲ့ပေမယ့် ပွဲချိန် ၂၄မိနစ်မှာ တိုနီခရူးစ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှု ကနေ ဗင်နီးစီးယပ်စ်က ဧည့်သည်တွေ အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်က တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် ၅၃မိနစ်နဲ့ ၅၇မိနစ်တွေမှာ ဆာနေးနဲ့ ဟယ်ရီကိန်းတို့က ဘိုင်ယန်မြူးနစ် အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Standard

၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေတဲ့ အချိန်မှာ အန်ဆလော့တီက ကာမာဗင်ဂါ ၊ မိုဒရစ် ၊ ဒီယက်ဇ် စတဲ့ အဓိက ကစားသမားတွေကို ထည့်သွင်းကာ နည်းစနစ် အပြောင်းအလဲလုပ် ကစားရင်း ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၈၂မိနစ်မှာ ကင်မင်ဂျေးက ရိုဒရီဂိုအပေါ် ဥပဒေပ ဖျက်ထုတ်မှု လုပ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ ပင်နယ်တီ ရခဲ့ကာ ဗင်နီးစီးယပ်စ်က အဆိုပါ ပင်နယ်တီကို အကောင်းဆုံး ကန်သွင်းပြီး ရီးရဲလ်မက်ဒရစ် အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်က ဗိုလ်လုပွဲဆီ တက်နိုင်ဖို့ အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာ ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်နည်းပြချုပ် တူဟယ်လ်ကတော့ သူတို့အသင်းဟာ အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်မယ်လို့ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။ တူဟယ်လ်က – “နှစ်သင်းစလုံးမှာ အခွင့်အရေး ၅၀ ၊ ၅၀ဆီ ရှိနေဆဲပါပဲ။ ကျွန်တော်တို့က မက်ဒရစ်မြို့ဆီ သွားမယ်။ နိုင်ပွဲ ယူမယ်။ ပြီးရင် ဗိုလ်လုပွဲ တက်ပါမယ်။ အဲ့ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်” လို့ ပြောကာ ကြွေးကြော်မှုတွေ လုပ်သွားခဲ့တာပါ။