ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ နိုင်ပွဲ ရချင်ရင် ကံတရားရဲ့ ဖေးမမှုကိုလည်း လိုအပ်တယ်လို့ ပွဲကြိုအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အန်ဆလော့တီ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လာရောက် တွေ့ဆုံနေခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အလိုင်းယန့်ဇ် အရီနာမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက ဝင်ဘလေကွင်းမှာ ကျင်းပမယ့် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ ရှိနေပြီး အနိုင်ရရုံနဲ့ ဗိုလ်လုပွဲ ရောက်မယ့် ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံးက အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ပထမအကျော့အဖြစ် ဂျာမန်မြေမှာ ကစားခဲ့စဉ်က ဘိုင်ယန်မြူးနစ်ဟာ ရီးရဲလ်မက်ဒရစ်ကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့အတူ ဘိုင်ယန်မြူးနစ်ကို ဖိကစားသွားဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ နိုင်ပွဲ ရချင်ရင် ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်လာဖို့ လိုအပ်ပါတယ်။

Photo Credit: JOE

ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်ကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်က သူတို့အသင်းအတွက် ခက်ခဲမယ့် ပွဲစဉ် ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး သူတို့အသင်းဟာ ဗိုလ်လုပွဲ တက်ချင်ရင် ခံစစ်ကို သတိထား ကစားဖို့ လိုအပ်သလို ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့နဲ့ ကံတရားရဲ့ ဖေးမမှုကိုလည်း လိုအပ်ကြောင်း ဆိုလာပါတယ်။

သောမတ်စ် တူဟယ်လ်က – “ဒီပွဲကတော့ ရေလှိုင်းတွေလိုမျိုး မတူညီတဲ့ အခိုက်အတန့်တွေ အများကြီး ရှိလာမယ့် ပွဲစဉ်မျိုးပါ။ နှစ်သင်းစလုံးက တချို့အချိန်တွေမှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို အလူးအလဲ တောင့်ခံရပါလိမ့်မယ်။ ကျွန်တော်တို့ နှစ်သင်းစလုံးက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို တန်ပြန်တိုက်စစ် ဆော့ရာမှာလည်း အရမ်း ကောင်းကြပါတယ်။ ဒါကြောင့် ဒီပွဲက ပွဲချိန်အပေါ် မူတည်ပြီး မတူညီတဲ့ ကစားပုံတွေ အများကြီးကို ထုတ်သုံးရမယ့် ပွဲမျိုးပါ။ အရှိန်အဟုန် ရနေတဲ့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့က ကံတရားရဲ့ အကူအညီနဲ့ အခွင့်အရေးတွေကို အသုံးချနိုင်မှုတို့ ရမယ် ဆိုရင် ဒီပွဲကို နိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။