ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်ကတော့ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ဘရော်ဂျာကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အယ်ဘေးနီးယား လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဘရော်ဂျာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးကနေ ဆောက်သမ်တန်ထံ အငှားနဲ့ သွားရောက် ကစားခဲ့စဉ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဘရော်ဂျာက ဆောက်သမ်တန် အတွက် တရာသီ ကစားပေးခဲ့ချိန်မှာ ပြိုင်ပွဲစုံ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဝက်စ်ဟမ်းက ဘရော်ဂျာကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဘရော်ဂျာနဲ့ ဂယ်လာဟယ်တို့ကို ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် ဝက်စ်ဟမ်းရဲ့ ဘရော်ဂျာ အတွက် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပြီး တူဟယ်လ်ကလည်း ဘရော်ဂျာဟာ ရောင်းချမယ့် ကစားသမား တဦး မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

တူဟယ်လ်က – “ပထမဦးဆုံး ပြောချင်တာက အာမန်ဒို ဘရော်ဂျာဟာ ကျွန်တော်တို့ရဲ့ ကစားသမားပါ။ ကျွန်တော်တို့က အခုချိန်မှာ ဘရော်ဂျာကို ရောင်းချဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ ဘရော်ဂျာက ပြီးခဲ့တဲ့ရာသီမှာ ဆောက်သမ်တန်ဆီ အငှားနဲ့ သွားကစားရင်း ကျွန်တော်တို့ သဘောကျအောင် ကစားပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို အသင်းမှာပဲ ဆက်ထားဖို့ ဆုံးဖြတ်ထားပါတယ်။ တခြားအသင်းတွေက သူ့ကို ခေါ်ယူဖို့ ကြိုးစားလာတာကလည်း သူ့ရဲ့ ခြေစွမ်းနဲ့ ပါရမီ ဘယ်လောက် ကောင်းမွန်လဲ ဆိုတာကို ပြသနေတာမို့လို့ ကောင်းတဲ့ အချက်တခုပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။