ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အိမ်ရှင် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ စပိန် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ဟာ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ကို မတူညီတဲ့ အသင်းနှစ်သင်းနဲ့ ၂နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ ပထမဦးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးအသင်းဟာ တူချယ်ကို နည်းပြအဖြစ် မခန့်အပ်မီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းခဲ့ပေမယ့် တူချယ် ရောက်လာပြီး နောက်ပိုင်းမှာတော့ ခံစစ်ပိုင်းမှာ ကျစ်လျစ်မှု ရှိလာသလို အသင်းလိုက် ကစားဟန်လည်း ပိုမို တိုးတက်လာတာကြောင့် ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို နှစ်ကျော့စလုံးမှာ ခြေစွမ်းပိုင်းအရ အသာစီး ရရှိအောင် ကစားနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို ခြေတလှမ်းသာ လိုအပ်တော့တဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တူချယ်ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရတဲ့ အတွက် ပျော်ရွှင်နေပြီး ချယ်လ်ဆီးအသင်းမှာ ရှိနေတဲ့ နေ့ရက်တိုင်းဟာ သူ့အတွက် ပျော်စရာကောင်းကြောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Standard

တူချယ်က – “ကျွန်တော့်ရဲ့ ပေးဆပ်မှု (ပီအက်စ်ဂျီအသင်းကို စွန့်ခွာမှု) အတွက် နေ့ရက်တိုင်းဟာ ထိုက်တန်မှု ရှိတယ်လို ကျွန်တော် ခံစားနေရပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး နေ့ရက်ထဲက အံ့အားသင့်စရာ ကောင်းတဲ့ အသင်းတသင်းရဲ့ တစိတ်တပိုင်း ဖြစ်ခဲ့တယ်။ ပြီးတော့ ပထမဦးဆုံး နေ့ရက်ထဲကပဲ ကျွန်တော့်ကို များပြားတဲ့ အားပေးမှုတွေ ရရှိထားတယ်လို့ ခံစားရပါတယ်။ ဒီလို အသင်းမျိုးကို ကွင်းဘေးစည်းကနေ နည်းပြခွင့် ရတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်မိပါတယ်” လို ပြောကြားခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်မှာတော့ နိုင်ငံတူ ပြိုင်ဘက် ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်ဟာ ၂၀၁၈ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် အင်္ဂလန်အသင်း နှစ်သင်း ရင်ဆိုင် ကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်လည်း ဖြစ်လာပါတယ်။