ချယ်လ်ဆီးအသင်းရဲ့ နည်းပြသောမတ်စ်တူဟယ်လ်ကတော့ သူရဲ့ချယ်လ်ဆီးနည်းပြဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ကြီးမားလှတဲ့ အောင်မြင်မှုကြီးတစ်ခုအဖြစ် ဥရောပချန်ပီယံလိဂ်ဖလားကြီးကို အရယူပေးနိုင်ခဲ့သလို လာမယ့်ရာသီတွေမှာလည်း အောင်မြင်မှုတွေကို ဆက်လက်ရယူသွားနိုင်ဖို့အတွက် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ကစားသမားသစ်များစွာ ခေါ်ယူသွားမှာဖြစ်ပြီး ကစားသမားသစ်(၂)ဦး(၃)ဦး အရခေါ်ယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဂျာမန်လူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ ချယ်လ်ဆီးအသင်းကို ပြီးခဲ့တဲ့ဘောလုံးရာသီဝက်ကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပေမယ့် အသင်းကို အချိန်တိုလေးအတွင်းမှာပဲ အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်ခဲ့ပြီး ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံအသင်းဖြစ်လာအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းဘက်ကနေ သူတို့ရဲ့နည်းပြ တူဟယ်လ်ကို လာမယ့်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် စိတ်ကြိုက်ခေါ်ယူခွင့် ပေးထားခဲ့ပြီး တူဟယ်လ်ကလည်း ကစားသမားသစ် အနည်းဆုံး(၂)ဦးခန့်လောက်ကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Goal

လာမယ့်နွေစျေးကွက်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “(၂)ယောက်(၃)ယောက် ခေါ်ယူတာက အရမ်းကောင်းတဲ့ လူခေါ်ယူမှု ဖြစ်စေပါတယ်။ ဒါက ပြောင်းလဲမှုကို ဘယ်တော့မှ မငြင်းပယ်စေနိုင်သော အဆက်မပြတ် ဖြစ်နေတတ်တဲ့ အရာမျိုးပါ။ ဒီလို လုပ်ဆောင်ခြင်းက သင့်အတွက် ခွန်အားအသစ်တွေကို သယ်ဆောင်လာပေးတယ်။ အသင်းကို ရောက်ရှိလာခဲ့ကြတဲ့ အသင်းသားသစ်တွေကိုလည်း လေ့ကျင့်ရေးအစီအစဉ်မှာ ပွဲစဉ်တွေမှာပါ တခြားကစားသမားတွေအားလုံးနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာကြတော့တယ်။ ဒါကြောင့် ဒါကို ကျွန်တော်ကတော့ ကောင်းမွန်တဲ့ ကိစ္စတစ်ခုလို့ပဲ ထင်မြင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို အလိုရှိနေပြီး စပါးနဲ့ လမ်းခွဲတော့မယ့် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ပစ်မှတ်ထားလျက် ရှိနေသလို အင်တာမီလန်အသင်းမှာ ခြေစွမ်းတွေ ပြသလို့နေတဲ့ အသင်းသားဟောင်း တိုက်စစ်မှူးလူကာကူနဲ့လည်း သတင်းအတော်လေးကို ထွက်ပေါ်လို့နေပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကာလရှည်ပစ်မှတ် ဖြစ်လို့နေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကိုလည်း လာမယ့်နွေစျေးကွက်ထဲမှာ အရခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေသလို ဒေါ့မွန်တောင်ပံ ဂျေဒန်ဆန်ချိုရဲ့ အခြေအနေကိုလည်း စောင့်ကြည့်လျက်ရှိနေပါတယ်။