MySport Myanmar

အသင်းက ကန်ဆယ်လိုကို လိုအပ်ကြောင်း တူဟယ်လ် ဖွင့်ဟ

ဘိုင်ယန်မြူးနစ် နည်းပြသစ် သောမတ်စ်တူဟယ်လ်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ထဲ မန်စီးတီးအသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားသော ပေါ်တူဂီ ညာနောက်ခံလူ ဂျာအိုကန်ဆယ်လိုဟာ သူ နှစ်သက်တဲ့ ကစားသမားတစ်ဦး ဖြစ်သလို အသင်းအတွက်လည်း လိုအပ်တဲ့ ကစားသမားလို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

နည်းပြတူဟယ်လ်ဟာ ဘိုင်ယန်နည်းပြအဖြစ် စတင် ဆောင်ရွက်ချိန်မှာပဲ သူ ကိုင်တွယ်သွားရမယ့် ကိစ္စတစ်ခု ရှိနေပြီး အဲ့ဒါကတော့ မန်စီးတီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူမလားဆိုတာပါပဲ။ ကန်ဆယ်လိုကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့စဉ်တုန်းကတော့ ယူရိုသန်း(၇၀)နဲ့ အပြီးသတ် ခေါ်ယူခွင့်ကို ထည့်သွင်းထားခဲ့တယ် ဆိုပေမယ့်လည်း နည်းပြဟောင်း နာဂယ်စမန်း လက်ထက်အထိတော့ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိပေမယ့်လည်း တူဟယ်လ်ကတော့ အသင်းက ကန်ဆယ်လို လိုမျိုး ကစားသမားကို လိုအပ်တယ်လို့ ပြောဆိုသွားပါတယ်။

Photo Credit : Focus Online

“ကျွန်တော်ကတော့ ဂျာအိုကန်ဆယ်လိုကို နှစ်သက်တယ်။ သူ့မှာက ပကတိ အမြင့်ဆုံး အရည်အသွေးတွေလည်း ရှိတယ်။ ဘယ်ခြေ ညာခြေ passing တွေ။ သူ ဒီအသင်းမှာ ရှိနေတာကို ကျွန်တော် တကယ် ဝမ်းသာမိတယ်။ ကျွန်တော်တို့ သူ့ကို လိုအပ်လိမ့်မယ်။ သူက ကျွန်တော်တို့အတွက် ထိပ်တန်း အဆင့်မှာ ကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ တူဟယ်လ်က ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့့် တူဟယ်လ်က သူရဲ့ ဘိုင်ယန် နည်းပြဘဝ ပထမဆုံး ပွဲစဉ်မှာ အသင်းရဲ့ side back ကစားသမားတွေအဖြစ် ပါဗာနဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ကိုသာ အသုံးပြုသွားပြီး ကန်ဆယ်လိုကိုတော့ ဒုတိယပိုင်း ပြီးခါနီးလောက်မှသာ လူစားဝင်အဖြစ် သုံးစွဲသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် နောက်ခံအစွန်လူ ကန်ဆယ်လိုဟာ စီးတီးမှာ နည်းပြဂွာဒီယိုလာနဲ့ အဆင်မပြေ ဖြစ်နေရာကနေ ဘိုင်ယန်အသင်းဆီကို ရုတ်တရက် အငှားနဲ့ ရောက်ရှိသွားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၁၀)ပွဲကစားထားကာ (၄)ဂိုးအထိ ဂိုးဖန်တီးထားခဲ့ပါတယ်။

Exit mobile version