ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ် ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ် ခံစစ်မှူး မီလီတာအိုကို ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုလိုက်ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရူဒီဂါ ၊ ခရစ်တန်ဆန် စတဲ့ အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ နှစ်ဦးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေသလို နောက်ထပ် အဓိက နောက်ခံလူ တဦးဖြစ်တဲ့ သီယာဂို ဆေးလ်ဗားကလည်း အသက်အရွယ် ရလာတာကြောင့် ထိပ်တန်း ခံစစ်မှူး တဦးကို နွေဈေးကွက် အတွင်းမှာ မဖြစ်မနေ ခေါ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ခံစစ်အရည်အသွေး မြင့်မားသလို ခေါင်းဆောင်နိုင်စွမ်းလည်း ရှိတဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ မီလီတာအိုကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး မီလီတာအိုကို ခေါ်ယူပေးဖို့လည်း အသင်းရဲ့ အပြောင်းအရွှေ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက ဆိုပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် နောက်ခံလူ မီလီတာအိုဟာ ၂၀၁၉ခုနှစ်ကမှ ပေါ်တိုကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ရာမို့စ် ထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။

Photo Credit: Marca

မီလီတာအိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးသူ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်က သူ့ကို မရောင်းချချင်ပေမယ့် မီလီတာအိုနဲ့ သူ့ရဲ့အေးဂျင့် ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သစ် ချုပ်ဆိုဖို့ ရီးရဲလ်မက်ဒရစ်ထံ စတင် တောင်းဆိုဖွယ် ရှိပြီး သူတို့ရဲ့ တောင်းဆိုမှုကို လက်မခံပါက အသင်းပြောင်းဖို့ စဉ်းစားနိုင်ကြောင်းလည်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ မီလီတာအိုကို ရောင်းချဖို့ စိတ်မဝင်စားပဲ အကယ်၍ ချယ်လ်ဆီးကသာ မီလီတာအိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလာမယ် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် အထိ တောင်းဆိုဖွယ် ရှိပါတယ်။