ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ထူးရှယ် ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်ခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်လူသစ် ဆာအူလ် နီဂွက်စ်ရဲ့ ခြေစွမ်းကို ပွဲအပြီးမှာ တခုတ်တရ ချီးကျူးသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဆောက်သမ်တန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဆာအူလ်ဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး ကိုဗာဆစ်နဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Football London

ဆာအူလ်ဟာ အဆိုပါပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၄ကြိမ် ပြုလုပ်ခဲ့ရာ ဂိုးပေါက်တည့်ကန်ချက် ၃ကြိမ် အထိ ရှိခဲ့ကာ ဆောက်သမ်တန်အသင်းရဲ့ နောက်ခံလူတွေနဲ့ ကွင်းလယ်လူတွေကို အလုပ်ရှုပ်စေခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ တရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာအူလ်ဟာ အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပုံမှန် ကစားခွင့် မရခဲ့တာကြောင့် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေသူ ဖြစ်ပြီး တူချယ်ရဲ့ လက်အောက်မှာတော့ သူ့ရဲ့ အမြင့်ဆုံး ခြေစွမ်းတွေကို ပြန်လည် ထုတ်ပြနိုင်ဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Football London

ဒါကြောင့်လည်း ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ တူချယ်က ဆာအူလ်ရဲ့ ခြေစွမ်းပိုင်းကို အထူးတလည် ချီးကျူးသွားခဲ့တာ ဖြစ်ပြီး ဆာအူလ်ဟာ တဖြည်းဖြည်းနဲ့ ပိုပို ကောင်းလာတဲ့ ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဆာအူလ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး တူချယ်က – “ ဆာအူလ်က ပွဲကောင်း တပွဲကို ကစားခဲ့တာပါ။ ဒီနေ့ပွဲရဲ့ ခြေစွမ်းပိုင်းက သူ့အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်စေမယ့် ကြီးမားတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကျွန်တော် သူ့ရဲ့ ခြေစွမ်းအပေါ် ပျော်ရွှင် ကျေနပ်မှု ရှိပါတယ်။ ကျွန်တော်တို့က ပွဲကစားချိန် ၇၀မိနစ်လောက် ရောက်သွားရင် သူ့အနေနဲ့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူက ပိုပိုပြီး ကောင်းလာပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က သူ့ကို ပွဲပြီးတဲ့ အထိ ကစားခွင့် ပြုခဲ့တာပါ။ ဒါက သူ့အတွက် တကယ်ကို ကောင်းပါတယ်” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။